ကိုလင်း
ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးထုတ်လုပ်မည့် ဟာသပုံစံ “မကြောက်ခုနစ်လီ အောင်ထွန်းကြည်” ဗီဒီယိုဇာတ်ကားအတွက် ကန်တော့ပွဲကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားတွင်လည်းကောင်း၊ စာနယ်ဇင်းအသိပေး မိတ်ဆက်ပွဲကို M3 food centre ၌လည်းကောင်း မေ ၃ ရက်က ပြုလုပ်ခဲ့သည်။
“ဒီကားက ရွာကားတစ်ကားဖြစ်ပြီး ဒီကားထဲမှာ ပါဝင်သရုပ်ဆောင်မယ့် ထွန်းထွန်းက ကြောက်တယ်ဆိုတာ ဘာမှန်းမသိအောင်ကို သတ္တိကောင်းလွန်းတဲ့ အတွက် ဒီဇာတ်ကောင်စရိုက်ကို ဖော်ကျူးတဲ့အနေနဲ့ မကြောက်ခုနစ်လီဆိုပြီး ဇာတ်ကားနာမည်ပေးဖြစ်ခဲ့တာပါ။ ဟာသသဘောမျိုး ဇာတ်အိမ်တည်ထားပါတယ်”ဟု ဇာတ်ညွှန်း သက်ဦးမောင်က ပြောသည်။ အဆိုပါ ဇာတ်ကား၏ ဇာတ်လမ်း ဇာတ်ညွှန်းကို သက်ဦးမောင် နှင့် ရန်နိုင်ထွန်းတို့က ရေးသား၍ ဒါရိုက်တာ စိုးမိုးမင်းက ရိုက်ကူးမည်ဖြစ်ပြီး သရုပ်ဆောင်များအနေဖြင့် ထွန်းထွန်း၊ ယုသန္တတင်၊ ရတနာဗိုလ်၊ ချောကလျာ၊ ချစ်စနိုးစုတို့ ပါဝင်ကာ ဇွန် ၆ ရက်မှစ၍ သန်လျင်၌ စတင်ရိုက်ကူးနေပြီဖြစ်ကြောင်း သိရသည်။
အောင်ထွန်းကြည်အဖြစ် သရုပ်ဆောင်မည့် ထွန်းထွန်းက “ကျွန်တော်က ဒီကားမှာ အောင်ထွန်းကြည်ဆိုတဲ့ ကာရိုက်တာကို လုပ်ရမှာပါ၊ မှန်တယ်ထင်ရင် ဘာကိုမှ မကြောက်တတ်တဲ့သူအဖြစ် သရုပ်ဆောင်ရမှာပါ၊ ကျေးရွာဇာတ်ကားတွေ ရိုက်ဖူးတယ်ဆိုပေမယ့် ပုံစံလေးတွေ ကွာခြားတာတော့ အမှန်ပါပဲ၊ ကျွန်တော်က အရင်ကလည်း ကျေးရွာတွေမှာ ရိုက်ဖူးတယ်၊ အဲဒီကာရိုက်တာမျိုးတွေနဲ့ နည်းနည်းကွာခြားတာတော့ တွေ့ရ မှာပါ” ဟု ပြောသည်။
ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေးမှ ကိုဘိုဆန်းက “ကျွန်တော် တို့ Bo Bo film production အနေနဲ့ skynet pay per view နဲ့အတူရိုက်တာ ဒါတတိယမြောက်ပါ၊ ဗီဒီယိုဈေးကွက်ကလည်း မရှိတော့တဲ့အတွက် ဒီစနစ်ကိုဖြစ်အောင် ကျွန်တော်တို့က ဝိုင်းပံ့ပိုးကြတဲ့သဘောပါပဲဟု ပြောသည်။ ထိုဇာတ်ကားကို skynet pay per view ရုပ်သံလိုင်းမှ လာမည့်လအတွင်း ထုတ်လွှင့်ရန် အစီအစဉ်ရှိကြောင်း သိရသည်။
မြန်မာ့အလင်း