မကွေး မေ

 

မကွေးတိုင်းဒေသကြီး မကွေးခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မကွေးခရိုင်အတွင်း ကျေးရွာကုန်ထုတ်လမ်း (၁၂) လမ်း ဖောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

 

မကွေးခရိုင်အတွင်း မကွေးမြို့နယ်၊ ချောက်မြို့နယ်၊ တောင်တွင်းမြို့နယ်၊ ရေနံချောင်းမြို့နယ်၊ နတ်မောက်မြို့နယ်နှင့် မြို့သစ်မြို့နယ်တို့ရှိပြီး အဆိုပါမြို့နယ်များမှ ကျေးရွာ (၂၇) ရွာ၊ အိမ်ခြေ (၅၅၉၉) အိမ်၊ လူဦးရေ (၂၆၀၁၂) ဦးနှင့် စိုက်ပျိုးမြေဧက (၉၇၇၈) ဧကအတွက် ကျေးရွာနေပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန်၊ လယ်ယာထွက်ကုန်ပစ္စည်းများ ပို့ဆောင်ရာတွင် ပိုမိုမြန်ဆန်စွာနှင့် ရောင်းဝယ်မှုများပြုလုပ်နိုင်ရန် ရည်ရွယ်၍ ယခုလို ကျေးရွာကုန်ထုတ်လမ်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မကွေးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်စီးမှူး ဦးကျော်ဇောဟိန်းက ပြောသည်။

 

အဆိုပါကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်ထောင်စုရန်ပုံငွေဖြင့် ကုန်ကျငွေကျပ်သန်း ၄၀၉ ဒသမ ၁၅ သန်း အသုံးပြုပြီး ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်ပစ္စည်းများ ကုန်သွယ်မှု အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မေဇင်(ကျေးလက်)