မကွေး ဩဂုတ် ၂၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်  ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် မကွေးခရိုင်အတွင်းရှိ မြို့နယ် (၆)မြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်း (၁၀)လမ်း၊ ပေ(၂၀) ကွန်ကရစ်တံတား(၁)စင်း၊ ပေ(၅၀) ရေကျော်(၁)စင်းနှင့် Box Culvert(၈)စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မကွေးခရိုင်၊ မကွေးမြို့နယ်တွင် သမန်းတော ကျေးရွာကုန်ထုတ်လမ်းနှင့် ယင်းလမ်းပေါ်ရှိ ပေ(၂၀) ကွန်ကရစ်တံတား(၁)စင်း၊ တောင်တွင်းကြီးမြို့နယ်တွင် အောင်ခိုင် ကျေးရွာကုန်ထုတ်လမ်းနှင့် ယင်းလမ်းပေါ်ရှိ Box Culvert (၂)စင်းနှင့် ကင်ပွန်းတောင်ကျေးရွာကုန်ထုတ်လမ်းနှင့် ယင်းလမ်းပေါ်ရှိ Box Culvert (၂)စင်း၊ ချောက်မြို့နယ်တွင် နတ်စင်ကန်-မဲရွာ ကျေးရွာကုန်ထုတ်လမ်းနှင့် ယင်းလမ်းပေါ်ရှိ ရေကျော် (၁)စင်းနှင့် ရေနံချောင်းမြို့နယ်တွင် ဖရဲကျွန်း ကျေးရွာကုန်ထုတ်လမ်း နှင့်ယင်းလမ်းပေါ်ရှိ Box Culvert (၂)စင်း  နှင့်  ဘဲဆိပ် ကျေးရွာကုန်ထုတ်လမ်း၊ နတ်မောက်မြို့နယ်တွင် စရံအိုင့်ကျေးရွာကုန်ထုတ်လမ်းနှင့် ဘန်းကုန်းကျေးရွာကုန်ထုတ်လမ်း၊ မြို့သစ်မြို့နယ်တွင် သီးပင်ကျေးရွာကုန်ထုတ်လမ်းနှင့် ယင်းလမ်းပေါ်ရှိ Box Culvert (၁)စင်းနှင့် ပေကုန်းကျေးရွာ ကုန်ထုတ်လမ်းနှင့် ယင်းလမ်းပေါ်ရှိ Box Culvert (၁)စင်း စုစုပေါင်း ကုန်ထုတ်လမ်း (၁၀)လမ်းဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။

ယင်းကုန်ထုတ်လမ်းများဆောင်ရွက်ခဲ့ခြင်းကြောင့် ကျေးရွာများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်၊ ထွက်ကုန်များကို ကုန်ကျစရိတ် အနည်းဆုံးဖြင့် သယ်ယူပို့ဆောင်နိုင်မည်ဖြစ်သည့်အတွက် စီးပွားရေး ပိုမိုဖြစ်ထွန်း လာမည့်အပြင် လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုထိရောက် မြန်ဆန်နိုင်မည်ဖြစ်ပါကြောင်း မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇောဟိန်းထံမှ သိရှိရသည်။

မေဇင်ထွန်း (ကျေးလက်)