မကွေး နိုဝင်ဘာ ၉
၂၀၂၁-၂၀၂၂ ခု (၆)လ ဘတ်ဂျက်၌ မကွေးခရိုင်အတွင်း မကွေး၊ တောင်တွင်းကြီး၊ ချောက်၊ ရေနံချောင်း၊ နတ်မောက်နှင့် မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျေးရွာ(၃၅)ရွာတွင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်မည့် ကျေးရွာများကို သက်ဆိုင်ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ရွေးချယ်ခဲ့ပြီး အဆိုပါကျေးရွာများမှ ကျေးရွာသူ/ကျေးရွာသားများက ၎င်းတို့ကိုယ်တိုင် ကျေးရွာ၏အဓိကလိုအပ်ချက်ကို ဖော်ထုတ်ပြီး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာများကို နိုင်ငံတော်မှစီမံကိန်း ရန်ပုံငွေကျပ်သိန်း(၁၀၀) ပံ့ပိုးပေးပြီး ကျေးလက်နေ ပြည်သူများမှ လုပ်အား၊ ငွေအား ထည့်ဝင်မှုများဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း၊ ရေစင်တည်ဆောက်ခြင်း၊ အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများမှ နည်းပညာ ပံ့ပိုးကူညီမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။


