မကွေး   ၂၈   မေ

 

မကွေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ  မကွေးခရိုင်အတွင်းရှိ ဂရန်အင်းနှင့် တင်ဒါငါးဖမ်းကွက်များအား ၂၀၂၀ ပြည့်နှစ် ငါးလုပ်ငန်းရာသီချိန်အတွက် လုပ်ကိုင်ခွင့်ချထားပေးနိုင်ရန် လေလံတင်ရောင်းချခြင်းနှင့် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည်။

 

ကိုဗစ်-၁၉ ကူးစက်ရောဂါကာလဖြစ်သော်လည်း တိုင်းဒေသကြီးအတွက် ရသင့်ရထိုက်သော အခွန်အခများရရှိရေး ဂရန်အင်းနဲ့ တင်ဒါငါးဖမ်းကွက်များကို ရာသီချိန်မီ ရောင်းချနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များနဲ့အညီ ပထမဆုံး ဆောင် ရွက်ခဲ့ပါတယ်၊ အင်းတစ်အင်းချင်းမှာ သတ်မှတ်ထားတဲ့  အင်းစည်းကမ်းချက်တွေရှိပါတယ် ဘယ်နည်းလမ်းနဲ့ ငါးဖမ်းရမယ် ဘယ်ကိရိယာနဲ့ ငါးဖမ်းရမယ် ဘယ်အချိန်မှာ ငါးဖမ်းရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ သတ်မှတ်ထားတာဖြစ်ပါတယ်၊ ထိုနည်းအတူပဲ တင်ဒါငါးဖမ်းကွက်တွေမှာ  ခွင့်ပြုထားတဲ့ ငါးဖမ်း ကိရိယာ၊ အမျိုးအစား၊ အချိန်၊ နယ်နိမိတ်၊ ဒီဟာတွေမှာပဲ ဖမ်းခွင့်ပြုပါတယ်၊ ဘက်ထရီရှော့တိုက်နဲ့ ပတ်သက်ပြီးတော့ ကျေးရွာရေလုပ်သားတွေကိုလည်းဘဲ  သယံဇာတထိန်းသိမ်းရေး အစုအဖွဲ့တွေ ဖွဲ့စည်းပြီး စီမံချက်ရေးဆွဲကာဆောင်ရွက်နေပါတယ်၊ တင်ဒါအောင်တယ်ဆိုရင် ကျွန်တော်တို့ ဒေသအတွင်းမှာ ဒေသမိရိုးဖလာအရ အင်းတွေဆို ခွင့်ပြုထားတာ ရှိတဲ့အပြင် တင်ဒါအောင်တဲ့ ငါးဖမ်းကွက်များကို ငါးရစ် ငါးသန်ကာကွယ်ရေးကာလကျော်ပြီးရင် စက်တင်ဘာကနေစတင်ခွင့်ပြုမှာ ဖြစ်တယ် နောက်နှစ် ဧပြီလထိ ဖြစ်ပါတယ်ဟု တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

မကွေးခရိုင်ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်နှင့် ငါးလုပ်ငန်းကိုအခြေခံ၍ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ မြင့်မားလာစေပြီး နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်မှန်းချက်ထားကာ ငါးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ကြီးကြပ်စီမံဆောင်ရွက်လျက်ရှိရာ ယခုကျင်းပပြုလုပ်သည့် ဂရန်အင်းနှင့် တင်ဒါငါးဖမ်းကွက်များ လေလံတင်ရောင်းချပွဲတွင် ဂရန်အင်း(၅)အင်းနှင့် တင်ဒါငါးဖမ်းကွက်(၁၃)ချက် ရောင်းချဆောင်ရွက်နိုင်ခဲ့ပြီး အခွန်ငွေကျပ်(၂၇၉)သိန်းကျော်ရရှိခဲ့ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)