နေပြည်တော် ၂၁ ဒီဇင်ဘာ  

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ (၆၆) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်ဓာတ်အားပေး စက်ရုံဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါသဘာဝဓာတ်ငွေ့သုံး အင်ဂျင်ဓာတ်အားပေးစက်ရုံ၌ ကျင်းပသည်။

 

4

 

ဖွင့်ပွဲအခမ်းအနားတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီစွာ ဖြည့်ဆည်းပေးနိုင်ရန် ရေတို/ရေရှည်စီမံချက်များချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ပါ၍ ၂၀၁၉ ခုနှစ်၏ ပြီးခဲ့သော နွေရာသီတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ အများဆုံး (၃၉၈၀) မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ လာမည့် ၂၀၂၀ နွေရာသီတွင် တစ်နိုင်ငံလုံး၏ ဓာတ်အားလိုအပ်ချက်သည် အမြင့်ဆုံး (၅၀၀၀) မဂ္ဂါဝပ်ခန့်ရှိမည်ဖြစ်၍ ထပ်မံလိုအပ်မည့် (၁၀၀၀) မဂ္ဂါဝပ်ကျော်ကို ထပ်မံဖြည့်ဆည်းပေးနိုင်ရေးအတွက် ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံကိန်းအသစ် (၇) ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းစီမံကိန်းများမှာ မကွေး ၆၆ မဂ္ဂါဝပ်၊ ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ်၊ သာကေတ ၄၀၀ မဂ္ဂါဝပ်၊ သီလဝါ ၃၅၀ မဂ္ဂါဝပ်၊ ကျွန်းချောင်း ၂၀ ဒသမ ၅ မဂ္ဂါဝပ်၊ အလုံ ၁၅၁ ဒသမ ၅ မဂ္ဂါဝပ်နှင့် ရွှေတောင် ၂၈ မဂ္ဂါဝပ်တို့ဖြစ်ပြီး၊ အဆိုပါ စီမံကိန်း (၇) ခုမှ စုစုပေါင်း စက်တပ်ဆင်အင်အား (၁၁၆၆) မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး၊ ယခု မကွေး (၆၆) မဂ္ဂါဝပ် စီမံကိန်းသည် ပထမဆုံးဖွင့်လှစ်သည့် စီမံကိန်းဖြစ်ပါကြောင်း၊ မကွေး (၆၆) မဂ္ဂါဝပ်ဓာတ်အားပေး စက်ရုံစီမံကိန်းသည် ရွှေကမ်းလွန်မှ သဘာဝဓာတ်ငွေ့ တစ်ရက်ကုဗပေ ၁၅ သန်းကို အသုံးပြု၍ ဓာတ်အားထုတ်လုပ် မောင်းနှင်သွားမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ် နွေရာသီတွင် တိုးတက်သုံးစွဲလာမည့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်တိုအတွင်း ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ စမ်းသပ်မောင်းနှင်ခြင်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ခဲ့ပြီးနောက် ဓာတ်အားပေးစက်ရုံကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့မှစတင်၍ စီးပွားဖြစ် ဓာတ်အားထုတ်လုပ်မောင်းနှင်ခဲ့ပြီး အဆိုပါစက်ရုံမှ ဓာတ်အားများကို ယခုရောက်ရှိနေသော ဓာတ်အားခွဲရုံမှတစ်ဆင့် မကွေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည့်ပြည့်ဝဝ အသုံးပြုကြရမည်ဖြစ်ပါကြောင်း၊ ပိုလျှံပါက ဓာတ်အား စနစ်အတွင်းသို့ အလိုအလျောက် စီးဆင်းသွား မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဓာတ်အားစနစ်အတွင်းရှိ လျှပ်စစ်ဓာတ်အားအသုံးပြုသော ပြည်သူများမှာလည်း အကျိုးမျှဝေခံစားရမည် ဖြစ်သောကြောင့် နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် စက်ရုံဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ သဘာဝ သယံဇာတအရင်းအမြစ်များကို အခြေခံ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေသည့် မုန်းနှင့် ကြီးအုံကြီးဝ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး စက်ရုံနှင့် ယခုဖွင့်လှစ်သည့် မကွေး ၆၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်ဓာတ်အားပေးစက်ရုံတို့မှ စုစုပေါင်းတပ်ဆင်အင်အား ၂၅၅ မဂ္ဂါဝပ် ထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးအနေဖြင့် လက်ရှိ ၁၀၀ မဂ္ဂါဝပ်ခန့်သာ အသုံးပြုလျက်ရှိသည့်အတွက် ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်သည့်အပြင် ပိုလျှံသည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အား စနစ်သို့ စီးဆင်းသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လျှပ်စစ်ဓာတ်အားသည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတွင် အရေးပါသည့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှသာ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများတိုးတက်လာပြီး လူနေမှုအဆင့်အတန်းများလည်း မြင့်တက်လာမည်ဖြစ်သည့်အတွက် မိမိတို့ဝန်ကြီးဌာနနှင့်အတူ ပြည်သူတစ်ရပ်လုံးက အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း၊ လျှပ်စစ်ဓာတ်အားပေးစက်များ၊ ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ ရေရှည်တည်တံ့ခိုင်မြဲနေစေရေး မိဘပြည်သူများမှလည်း ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း  ပြောကြားသည်။

 

2

 

ထို့နောက် မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော်က မကွေးမြို့ (၆၆) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

 

ဆက်လက်၍ VPower Myanmar မှ Co. Chief Executive Officer Mr. Rorce Au-Yeung နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးတို့မှ ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်နိုင်ခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး၊ VPower Myanmar မှ ဓာတ်အားပေး စက်ရုံအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်မှတ်တမ်းဗွီဒီယိုအား ပြသခဲ့သည်။

 

2

 

 

၎င်းနောက် မကွေးမြို့ (၆၆) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ တိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးဝင်း၊ Zeya & Associates Co.,Ltd. မှ Chairman ဦးဇေယျသူရမွန်နှင့် V-power Myanmar မှ Co. Chief Executive Officer Mr. Rorce Au-Yeung တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

3

 

ထို့နောက် မကွေးမြို့ (၆၆) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်ဓာတ်အားပေးစက်ရုံဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ဓာတ်အားပေးစက်အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက စက်ခလုတ်နှိပ်၍ မောင်းနှင်ပေးခဲ့ပြီး ဓာတ်အားပေးစက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်