မကွေး သြဂုတ် ၁

မကွေးမြို့ အဝေးပြေးကုန်တင်ကုန်ချ ယာဉ်ရပ်နား ကားကြီးဝင်းအတွင်း၌ တပ်ဆင်ပြီးစီးသည့် အောက်ဆီဂျင်ထုတ်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေမှု အခြေအနေများကို ယမန်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်ကအဆိုပါအောက်ဆီဂျင် စက်ရုံမှ ထွက်ရှိလာသော အောက်ဆီဂျင်များကို အစိုးရဆေးရုံ၊ ဆေးခန်းများအား အခမဲ့ဖြန့်ဝေရန်၊ ပုဂ္ဂလိကဆေးရုံများ၊ ပရဟိတအသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များကို သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးရန်နှင့် စက်များချို့ယွင်းပျက်စီးမှု မရှိစေရေး အထူးအလေးထား ဂရုစိုက်ဆောင်ရွက် ကြရန် တာဝန်ရှိသူများကို မှာကြားသည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါ ကားကြီးဝင်းအတွင်း ဆောင်ရွက်လျက်ရှိသည့် ကုန်တင်ယာဉ် စစ်ဆေးရေးဂိတ်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းအတွက် အောက်ဆီဂျင် လိုအပ်မှုကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် တစ်နေ့လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံး ၃၀၀ ထွက်ရှိသည့် စက်တစ်လုံး တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ် ၁၅ ရက်မှစတင်၍ အောက်ဆီဂျင်အိုးများ ခွဲဝေဖြန့်ထားပေးနေပြီဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံး ၁၀၀ ထွက်ရှိသည့် စက်သုံးလုံးကိုမှာယူထားရှိပြီးဖြစ်ရာ မကြာမီရက်ပိုင်းအတွင်း ရောက်ရှိလာတော့မည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ(မကွေး)