မကွေး ၂၀ နိုဝင်ဘာ
မကွေးမြို့တွင်း ဖြတ်သန်းသွားလာမှုများတွင် အသုံးပြုမှုများသည့် ဗိုလ်ချုပ်လမ်း၌ ယာဉ် စည်းကမ်းဖောက်ဖျက်သူများအား ရက်သတ္တတစ်ပတ်လျှင် လေးရက်( တနင်္လာနေ့မှ ကြာသာပတေးနေ့ထိ) စစ်ဆေး အရေးယူမှုများလုပ်ဆောင်လျက်ရှိ ကြောင်း အမှတ်(၁၅) ယာဉ်ထိန်း တပ်ဖွဲ့စု(မကွေး)မှ သိရသည်။
တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် မကွေးမြို့အပါအဝင် တိုင်းဒေသကြီးတစ်ခုလုံး၌ စစ်ဆေး လုပ်ဆောင်နေခြင်းဖြစ်ပြီး ဆိုင်ကယ်ဦးထုပ်၊ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်နှင့် နှစ်ဦးထက် ပိုသည့် စီးနင်း မှုများကို အဓိကထားစစ်ဆေး နေခြင်းဖြစ်သည်။
“ ဦးထုပ်ကိုယ်စီဆောင်းရမယ်ဆိုတဲ့ အသိတရားရှိအောင် ဖမ်းနေရတာပါ။ လူတိုင်းကိုယ်စီ လိုက်နာမှ အန္တရာယ် ကင်းမယ်။ အန္တရာယ်ကင်းမှ လူမှုအဖွဲ့အစည်းရဲ့ အရင်းအမြစ်တွေ မဆုံးရှုံးမှာ ဖြစ်ပါတယ် ” ဟု အမှတ်(၁၅)ယာဉ်ထိန်းတပ်ဖွဲ့စု (မကွေး) တပ်ဖွဲ့စုမှူး ၊ တာဝန်ခံရဲမှူး ထွန်းလှအောင် က မှတ်ချက်ပြု သည်။
ယင်းသို့ စစ်ဆေးဖမ်းဆီးနေခြင်းကြောင့် တစ်လလျှင် စည်းကမ်းပျက်ယာဉ် အစီးရေ(၂၀ဝ) ကျော်ကို အရေးယူ နေရပြီး အဝေးသင်ကျောင်းတက်ရာသီကာလတွင် စက်တင်ဘာလ မှ နိုဝင်ဘာ (၁၃)ရက် နေ့ထိ ယာဉ်တိုက်မှု(၁၂)မှု ဖြစ်ပွားခဲ့ သည်ဟု တပ်ဖွဲ့စုမှူး ရဲမှူးထွန်းလှအောင် က ဆိုသည်။
ယာဉ်ထိန်းတပ်ဖွဲ့ နှင့် ဌာနဆိုင်ရာများ ၊ လူမှုရေးအဖွဲ့အစည်းများစုပေါင်း၍ စီမံချက်ဖြင့်သာ စစ်ဆေးအရေးယူနိုင်ပါက စည်းကမ်းပျက်မောင်းနှင်သူများကို တစ်ရက်လျှင် ဦးရေ ရာနှင့်ချီ၍ ဖမ်းမိလိမ့်မည်ဟု ထင်ကြောင်း ယာဉ်အန္တရယ်စိုးရိမ် နေသည့် ဒေသခံများထံမှ သိရသည်။
ဇေယျတု(မကွေး)


