မကွေး ၉   သြဂုတ် 


Facebook လူမှုကွန်ရက်၌ Nay Chit Paing Account ဖြင့် မကွေးမြို့၊ ကားကြီးဝင်းအနီးရှိ ရွှေနန်းတော် စားသောက်ဆိုင်၏ အကြောင်းကို ရေးတင်ခြင်းမှာ မှန်ကန်မှုမရှိဘဲ ဂုဏ်သရေနှင့် စီးပွားရေး၌ နစ်နာသည်ဟုဆိုကာ ဆိုင်ပိုင်ရှင် ဒေါ်စောနွယ်ဦးက မကွေးနယ်မြေရဲစခန်းတွင် တိုင်ကြားခဲ့ပြီး စခန်းမှ (ပ)၅၄၅/ ၂၀၁၉၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။


“သြဂုတ်လ(၄)ရက်နေ့က Nay Chit Paing ဆိုတဲ့ အကောင့်နဲ့ ကားကြီးကွင်းအနောက်ဘက် ထွက်ပေါက်နဲ့ကပ်လျှက်က ရွှေနန်းတော်တည်းခိုခန်းနဲ့ တွဲဖွင့်ထားတဲ့ဆိုင်က ကြက်သားကြော်တစ်ပွဲကို (၄၅၀ဝ) ပေးရတယ်။ မနက်စာ ထမင်းကြော်တစ်ပွဲကို (၅၀ဝ) ပေးရတယ်။ ဟင်းချို တစ်ပွဲကို (၂၀ဝ၀) ပေးရတယ်။ မကွေးကားကြီးကွင်းကိုရောက်ရင် ကျွန်တော်လိုမျိုး မခံရဖို့ဆိုပြီး တင်လာတယ်။ ကျွန်မဆိုင်မှာ အစားအသောက်ဈေးနှုန်းတွေကို ဗီနိုင်းတွေနဲ့ မြင်သာအောင် ချိတ်ပြထားပါတယ်။ ခုမှကပ်ထားတာ မဟုတ်ဘူး။ တစ်ချို့ဗီနိုင်းတွေဆို ပေါက်ပြဲနေတာတွေတောင်ရှိပါတယ်” ဟု ဆိုင်ရှင်ဖြစ်သူ ဒေါ်စောနွယ်ဦး က သြဂုတ်လ ၈ ရက်နေ့တွင် မီဒီယာရှင်းလင်းပွဲပြုလုပ်၍ ရှင်းပြသည်။


စားသုံးသူအနေဖြင့် ဆိုင်ဝန်ထမ်းများက မတန်တဆတောင်းလျင်ပင် ဆိုင်ရှင်ကိုပြော၍ ဖြေရှင်းခြင်း၊ စားသုံးသူရေးရာဌာနသို့ တိုင်ကြားဖြေရှင်းခြင်းများ လုပ်ဆောင်၍ရသော်လည်း လူမှုကွန်ရက်တွင် တင်ခံရခြင်းကြောင့် နစ်နာမှုများရှိခဲ့သည်ဟု ၎င်းကဆိုသည်။


“စားသောက်ဆိုင်ကြီးတွေမှာ မီနူးတွေကိုကြည့်လိုက်ရင် ကိုယ်စားချင်တာနဲ့ဈေးနှုန်း တစ်ခါတည်းတွဲပြီးပါတယ်။ ရှုပ်စရာမရှိဘူး။ အဲဒီလိုမပါဘူးဆိုရင် ဈေးမေးစားသင့်ပါတယ်။ မတန်မရာတောင်းခံရရင်လည်း ဘောက်ချာတောင်းပြီး တိုင်လို့ရတဲ့နေရာတိုင်ရပါမယ်။ မကျေနပ်တာကို လူမှုကွန်ယက်ပေါ်တင်တော့ ဆက်သွယ်ရေးဥပဒေဆိုတာကြီးက ရှိနေတယ်။ နစ်နာတယ်ဆိုပြီး တရားစွဲရင်၊ ကိုယ့်ဘက်က သက်သေမပြနိုင်ရင် ခံရမယ်” ဟု မကွေးဒေသခံတစ်ဦးက သူ၏အမြင်ကို ပြောပြသည်။ 


လူမှုကွန်ရက်တွင် မကွေးကားကြီးဝင်းအနီးရှိ စားသောက်ဆိုင်အချို့နှင့်ပတ်သက်သည့် ဝေဖန်မှုများရှိနေ၍ လုပ်ငန်းရှင်နှင့်စားသုံးသူ အခွင့်အရေးဆိုင်ရာ ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး လတ်တလောတွင် စားသုံးသူများက နစ်နာမှုနှင့်ပတ်သက်သည့် တိုင်ကြားမှုများမရှိသေးကြောင်း မကွေးတိုင်းစားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဒေါ် အေးအေးမိုးထံမှ သိရသည်။ 


ဇေယျတု(မကွေး)