မကွေး ၁၄ ဒီဇင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို မကွေးတက္ကသိုလ်တွင် ယနေ့နံနက် ၉ နာရီက စတင်ကျင်းပပြုလုပ်ရာ ပွဲတော်ကျင်းပသည့်(ပထမနေ့)တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်အားပေးကြည့်ရှုကြသည့် ပြည်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း သိရသည်။
“ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်ပွဲတော်နွှဲပျော်စို့” ဟူသော ဆောင်ပုဒ်နဲ့အညီ မြန်မာ့လူငယ်များ၏ အသိပညာ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုး အပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန် မြှင့်တင်ပေးနိုင်ရေးနှင့် အနာဂတ် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက် အကောင်အထည်ဖော်ရေး ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပသည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်တွင် စာပေဆိုင်ရာလှုပ်ရှားမှုများအဖြစ် လူငယ်ဆွေးနွေးပွဲများ၊ ကျပန်းစားပြောပြိုင်ပွဲ၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ စာအုပ်ဈေးရောင်းပွဲများကို လည်းကောင်း၊ အနုပညာဆိုင်ရာ လှုပ်ရှားမှုများအဖြစ် မြန်မာ့ရိုးရာတူရိယာများ ပြသခြင်း၊ ၁၂ ရာသီပွဲတော် ပန်းချီကားများ ပြသခြင်း၊ ရုပ်သေးရုပ်များ ခင်းကျင်းပြသခြင်း၊ ပန်းချီ ပန်းပု လက်တွေ့ထုဆစ်ရေးဆွဲပြသခြင်း၊ တိုင်းရင်းသားရိုးရာဝတ်စုံများ ခင်းကျင်းပြသခြင်း၊ ကဗျာလွတ်အကနှင့် တိုင်းရင်းသားရိုးရာအကများ သရုပ်ဖော်ကပြခြင်းကိုလည်းကောင်း၊ IT ဆိုင်ရာ လှုပ်ရှားမှုများအဖြစ် IT ပစ္စည်းများ ပြသခြင်း၊ IT နည်းပညာဆိုင်ရာစကားဝိုင်းများ ပြုလုပ်ခြင်း၊ Cyber Security Awareness ကျင်းပခြင်း၊ IT Power Test ကျင်းပခြင်း၊ IT Book Show ပြသခြင်းတို့ကို လည်းကောင်း၊ အားကစားဆိုင်ရာလှုပ်ရှားမှုများအဖြစ် အပန်းဖြေ အားကစားပြိုင်ပွဲများဖြစ်သည့် လွန်ဆွဲ(ကျား/မ)ပြိုင်ပွဲများ၊ ထုပ်ဆီးတိုး (ကျား/မ)ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ ဘောလုံးဂိုးသွင်း၊ ခေါင်းအုံးရိုက်ပြိုင်ပွဲများနှင့် ဘောလီဘောပြိုင်ပွဲများအပြင် သရုပ်ပြအားကစားနည်းများဖြစ်သည့် ဝူရှူး အားကစားနည်း၊ မြန်မာ့သိုင်းပညာ အားကစားနည်းများကို လည်းကောင်း ထည့်သွင်းကျင်းပကြောင်း သိရသည်။
ထို့အပြင် တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ဗဟုသုတဖြစ်ဖွယ်ပြခန်းများ၊ ဝန်ကြီးဌာနများအလိုက် ပြခန်းများ၊ မူးယစ်ဆေးဝါး အသိပညာပေး ပြခန်းများ၊ ကလေးသူငယ်စွန့်ပစ်မှု လျော့နည်းပပျောက်ရေးဆိုင်ရာ ပြခန်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပညာပေးပြခန်းများကိုလည်းကောင်း၊ အသိပညာပေး အစီအစဉ်များ ဖြစ်သည့် လူငယ်များ သိကောင်းစရာ အချက်အလက် အမေးအဖြေအစီအစဉ်နှင့် ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်း၊ အခြေခံမျိုးဆက်ပွား ကျန်းမာရေး အသိပညာပေး ဟောပြောပွဲများ၊ ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးအစီအစဉ်များ၊ သက်ငယ်မုဒိမ်း တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး အစီအစဉ်များကိုလည်းကောင်း၊ ဖျော်ဖြေရေးအစီအစဉ်အဖြစ် မြန်မာ့အသံ ခေတ်ပေါ်တီးဝိုင်းနှင့် နိုင်ငံကျော် အဆိုရှင်များ၊ ငြိမ်းချမ်းရေးဂီတပွဲတော်မှ အဆိုရှင်များက တေးသီချင်းမျိုးစုံဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ပေးနေကြောင်း သိရသည်။
ယနေ့ ပွဲတော်ပထမရက်တွင် နေရာစုံအနှံ့အပြားရှိ ပြခန်းများ၊ ပြိုင်ပွဲများ၊ ဖျော်ဖြေရေးပွဲများနှင့် စာအုပ်အရောင်း ဆိုင်များတွင် လာရောက်လေ့လာ အားပေးကြည့်ရှုကြသူများဖြင့် အထူးစည်ကားများပြား လျက်ရှိကြောင်း သိရပြီး အဆိုပါ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်အား ယနေ့မှ ဒီဇင်ဘာ ၁၆ ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး ) ၊ ဉာဏ်တိုး ( ပေါက် )