မကွေး ၁၈ ဧပြီ     

မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအရ မြို့မဈေးကြီး အပါအဝင် ဈေးကြီး(၃)ဈေးအား ယာယီပိတ်သိမ်းထားရှိရာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံနှံ့မှုမဖြစ်ပွားစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် လူထူထပ်များပြားသော မင်္ဂလာဈေးရှိ အခွန်လွတ်ဈေးကို မြသလွန် ဘုရားကွင်းသို့ ဧပြီ ၁၈ ရက်နေ့ နံနက် ၄ နာရီက ယာယီပြောင်းရွှေ့ ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပျံကျဈေးနေရာသစ်တွင် ဈေးရောင်းဈေးဝယ်သူများအနေဖြင့် ဈေးအတွင်းမဝင်ရောက်မီ လက်ဆေးရန် ဘေစင်များထားရှိပေးထားပြီး ဈေးသည်များနှင့် ဈေးဝယ်သူအားလုံး လက်အိတ်နှင့် နှာခေါင်းစည်း တပ်ဆင်ပြီး ဝယ်ယူရောင်းချရမည်ဖြစ်ကာ ဆိုင်ခန်းတစ်ခန်းလျှင် ၁၀ ပေ ပတ်လည် အကျယ်နှင့် တစ်ခန်းနှင့် တစ်ခန်း ၁၀ ပေ ခြားထုံးစည်းများဖြင့် ဆိုင်ခန်းနေရာပေါင်း ၂၀၄ ကွက်ကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ သတ်မှတ်ခွင့်ပြု စီမံဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

ယခုပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည့် အခွန်လွတ်ဈေးမှာ နံနက် ၂ နာရီဝန်းကျင်မှ စတင်၍ စည်ကားလေ့ရှိပြီး စက်ဘီး၊ ဆိုင်ကယ်များပေါ်တွင် ဈေးတောင်းတင်၍ ရပ်ကွက်၊ ကျေးရွာအနှံ့ လှည့်လည်ရောင်းချမည့် ရွေ့လျားဈေးသည်များ၏ ဖောက်သည်ယူသည့် နေရာတစ်ခုဖြစ်သလို  ပြည်သူများ အနေဖြင့်လည်း ဈေးရောင်း၊ဈေးဝယ်ယူရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေး စည်းကမ်းတကျ ဝယ်ယူနိုင်ရေး စီမံဆောင်ရွက်ထားရှိကာ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)