မကွေး  ၁၅   ဇွန် 

 

စိုက်ပြီးသစ်ပင်များအား ဂရုမစိုက်၊ ပစ်ပယ်မထားဘဲ စောင့်ရှောက်ထိန်းသိမ်းအရှင်စိုက်သည့်ပုံစံဖြင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့က မကွေးမြို့တွင် သစ်ပင်များစိုက်ပျိုးလျက်ရှိပြီး မကွေးမြို့ကြီးအား Green City ဖြစ်စေရန် ဒေသခံများက ဝိုင်းဝန်းကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

 

သစ်ပင်စိုက်ပျိုးသူများအနေဖြင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၏ အစီအစဉ်ဖြင့် စိုက်ပျိုးနေကြခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းက မာဃလုလင်အဖွဲ့၊ FNI ပထမအမျိုးသားအာမခံလုပ်ငန်းမိသားစု၊ အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့်အဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ ကမ်းနားလမ်း မြသားနဒီပန်းခြံအနီး၌ ခရေ၊ မယ်ဇယ်၊ ရေတမာ၊ ထိုင်ဝမ်ဘဏ္ဍာ၊ သပြေဘူတ၊ ထင်းရှူးပဒေသာ၊ ကျောက်ပန်း စသည့် သစ်ပင်(၃၀ဝ)ကို စိုက်ပျိုးခဲ့ကြသည်။

 

DSC0

 

“ ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်းက သစ်ပင်တစ်ထောင်စိုက်ပျိုးခဲ့ပြီးတော့ ဒီနှစ်ဇွန်လအတွင်းမှာ အပင်ရေနှစ်ထောင်လောက် စိုက်ပျိုးသွားမှာပါ။ အမြဲစိမ်းပင်တွေဖြစ်တဲ့ ရေတမာ၊ မယ်ဇယ်ပင်တွေစိုက်တာက မြို့ကိုဆယ့်နှစ်ရာသီ စိမ်းလန်းစိုပြေစေချင်လို့ပါ။ သပြေဘူတပင်လေးတွေက ရာသီချိန်မှာပွင့်တဲ့ ပန်းလေးတွေရဲ့အရသာကို မြို့သူမြို့သားတွေ ခံစားစေချင်လို့ပါ။ မကွေးမြို့ကြီးကိုတော့ စိမ်းလန်းစိုပြေတဲ့မြို့ကြီး Green City ဖြစ်စေဖို့ ရည်ရွယ်ချက်ထားပါတယ် ” ဟု မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဖိုးနီ က ပြောသည်။

 

ယမန်နှစ်က ပြည်တော်သာလမ်း၊ အထက(၁)လမ်း၊ မေတ္တာလမ်းများတွင် စိုက်ပျိုးထားသော သစ်ပင်များအား မြေတောင်မြှောက်၊ ကွန်ပေါင်းမြေသြဇာကျွေးခြင်းလုပ်ငန်းများကို သုံးကြိမ်ပြုလုပ်ခဲ့ကာ အပင်ရှင်သန်မှု ၈၀ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ယခုနှစ်တွင် ယမန်နှစ်များက စိုက်ပျိုးရန်ကျန်သည့် သစ္စာလမ်း၊ တောင်တွင်းလမ်း၊ နတ်မောက်လမ်းများတွင် သာမက လမ်းသွယ်များထဲတွင်လည်း စိုက်ပျိုးသွားမည်ဖြစ်ကာ စောင့်ရှောက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးဖိုးနီက ဆိုသည်။

 

သစ်ပင်စိုက်ရန်အတွက် စည်ပင်သာယာရေးကော်မတီတွင် ရန်ပုံငွေရှိပြီး ဌာန၌ ဘတ်ဂျက်ရှိကြောင်း၊ ယနေ့ စိုက်ပျိုးမှုတွင် FNI ပထမအမျိုးသားအာမခံလုပ်ငန်းမှ ငွေကျပ်ဆယ်သိန်းနှင့် အာဟာရဒါနများပြုလုပ်ခဲ့ပြီး မကွေးမြို့ကြီးအား Green City ဖြစ်လာစေရန် ဒေသခံများက တက်ကြွစွာပါဝင်လှုပ်ရှားမှုများရှိနေကြောင်း စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးဖိုးနီထံမှ သိရသည်။

 

ဇေယျတု(မကွေး)

 

IMG_20