မကွေး ၉ နိုဝင်ဘာ
မကွေးမြို့မှ နေ့စဉ်ထွက်ရှိသည့် အမှိုက်များကို ဇီဝမြေသြဇာထုတ်နိုင်ရန် မကွေးမြို့နယ် စည်ပင်သာယာရေးဖွဲ့နှင့် ပြင်သစ်နိုင်ငံအခြေစိုက် GRET INGO တို့ ပူးပေါင်းလုပ်ဆောင်နေပြီး ယင်းလုပ်ငန်းသာ အောင်မြင်ခဲ့ပါက စိုက်ပျိုးရေးလောကအတွက် အထောက်အပံ့ကောင်း တစ်ရပ်ဖြစ်လာနိုင်ကြောင်း မကွေးမြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးဖိုးနီ ထံ မှ သိရသည်။
“ လေ့လာဆန်းစစ်ချက်တွေအရ မကွေးမြို့မှာထွက်တဲ့ အမှိုက်တွေရဲ့ ၇၀ ရာခိုင်နှုန်းက မြေသြဇာ လုပ်လို့ရတယ်။ တစ်နေ့ကို အမှိုက် ၅၅ တန်ထွက်တာဆိုတော့ သူ့ရဲ့ ၇၀ ရာနှုန်းသာ မြေသြဇာရမယ်ဆိုရင် စိုက်ပျိုးရေးလောကအတွက် အကျိုးရှိတဲ့ အပြောင်းအလဲတစ်ခု ဖြစ်သွားနိုင်တယ် ” ဟု ဦးဖိုးနီ က ပြောသည်။
မကွေးစည်ပင်ပိုင် အမှိုက်ကျင်း မြေအကျယ် (၇) ဧကတွင် Composting Unit (အမှိုက်မှ ဇီဝမြေသြဇာ ထုတ်လုပ်ခြင်း) လုပ်ငန်းအဆောက်အဦ၊ ရုံးခန်းအဆောက်အဦ၊ ခြံစည်းရိုး နှင့် သန့်စင်ခန်းများ တည်ဆောက်နိုင်ရန် လုပ်ငန်းတင်ဒါခေါ်ယူခဲ့ရာ လတ်တလောတွင် ကုမ္ပဏီ ၃ ခုက လျှောက်ထားခဲ့သည်။
“ အမှိုက်တွေထဲက ပလတ်စတစ်ကို သီးခြားဖယ်ထုတ်လိုက်မယ်။ အမှိုက်တွေကို ခုတ်စင်းပစ်ပြီး ရေနဲ့ အခြားရောစပ်တာတွေလုပ်မယ်။ ပုံမယ်။ မြေကြီးအတွက် မြေသြဇာ အလွယ်တစ်ကူဖြစ်မယ့် အဆင့်အထိစကာချမယ်။ တောင်သူတွ စိုက်ပျိုးရေးသမားတွေကိုဖြန့်မယ် ” ဟု စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးဖိုးနီ ကပြောသည်။
GRET INGO က ဇီဝမြေသြဇာ ထုတ်လုပ်ရေးလုပ်ငန်းအတွက် ၂ နှစ်ကျော်ကြာ လေ့လာဆန်းစစ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ငွေကျပ် ၁၇ ဒသမ ၈၅၀ သန်း အသုံးပြုကာ ၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်း အပြီးလုပ်ဆောင်သွားမည် ဖြစ်ကြောင်၊ လုပ်ငန်းလည်ပတ်မှုအဆင်ပြေပါက စည်ပင်ဝန်ထမ်းများကို သင်တန်းပေးပြီး မြို့နယ်စည်ပင်သို့ အပြီးအပြတ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဇေယျတု(မကွေး)


