မကွေး ၂၅ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် ၁၆ ရက်တာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အထိမ်းအမှတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနနက် ၅ နာရီခွဲက မကွေးမြို့ ပြည်တော်သာ လမ်းပေါ်ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ စုရပ်ရှေ့မှ စတင်တာထွက်ပြီး ဗိုလ်ချုပ်ပန်းခြံအထိ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးများနှင့် ကလေးများဘ၀ မြှင့်တင်ရေးအဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ NGO အဖွဲ့များနှင့် ပြည်သူများ အင်အား(၂၀၀)ကျော်ခန့် ပါဝင်ကာ ပန်းဝင်လျှောက်လှမ်းဆင်နွှဲခဲ့ကြသည်။
“ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်နေ့က စတင်လို့ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ၁၆ ရက်တာ အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ပပျောက်ရေးလှုပ်ရှားမှ ပညာပေးလှုံ့ဆော်မှုတွေကို အမျိုးသမီးရေးလှုပ်ရှားသူတွေနဲ့အတူ ကျင်းပနေကြပါတယ်၊နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သလို မြန်မာအမျိုးတွေနှင့် အမျိုးသမီးငယ်များအတွက်လည်း အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံနေရတာတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ သက်ငယ်မုဒိမ်းနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တွေပပျောက်ရေး ဥပဒေ ကြောင်းအရ ထိထိရောက်ရောက် ကာကွယ်ပေးဖို့အတွက် အခုလိုစည်းစည်းရုံးရုံး ညီညီညွတ်ညွတ် ကူညီဆောင်ရွက်နိုင်စေရေး အဓိကရည်ရွယ်ချက်နဲ့ လူထုလမ်းလျှောက်ပွဲကို လှုပ်ရှားဆောင်ရွက်ခဲ့တာဖြစ်ပါတယ်”ဟု တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
၂၀၁၉ ခုနှစ်အတွက် ကုလသမဂ္ဂမှ ချမှတ်သည့် ဆောင်ပုဒ်မှာ “မုဒိမ်းမှုများတားဆီးဖို့၊ မုဒိမ်းမှု များပပျောက်ဖို့ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြပါစို့ “ဖြစ်ပြီး ယခုအခါ အမျိုးသမီးများသည် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလိင်ပိုင်းဆိုင်ဆိုင်ရာ အကြမ်းဖက်မှုများကို ခံစားနေရသည့်အတွက် အမျိုးသမီး ကော်မတီ၏ ၁၆ ရက်တာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အထိမ်းအမှတ် လှုပ်ရှားဆောင်ရွက်မှုတွင် ပြည်သူလုထုအနေဖြင့် တွဲလက်ညီညီ ဆောင်ရွက် ပြီး မုဒိမ်းမှုများပပျောက်ရန်၊ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုများ ပပျောက်ရန်နှင့် ကျား-မ အခြေပြု အကြမ်းဖက်မှု ပပျောက်ဖို့ အမျိုးသားများလည်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


