မကွေးမြို့၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

မကွေး      မေ      ၅

 

(၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို မေ ၅ ရက် နံနက်ပိုင်းက မကွေးခရိုင် အားကစားကွင်း၌ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က “မီးငြှိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ နည်းစနစ် မှန်ကန်စွာ အမြန်ဆုံး တုံ့ပြန်ဆောင်ရွက် ရမည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အား Men Power၊ Equipment Power နှင့် Technological Power များဖြင့် ဟန်ချက်ညီအောင် တည်ဆောက်သွားကြရမှာဖြစ်ကြောင်း” ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်မှုများကို လက်တွေ့ သရုပ်ပြသဆောင်ရွက်ရာ ဟိုတယ်၊ မိုတယ်များရှိ အခန်းများတွင် အလိုအလျောက် မီးငြှိမ်းသတ်သည့် နည်းစနစ် ထည့်သွင်း အသုံးပြုခြင်းဖြင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး လျော့နည်းပုံအား လက်တွေ့ သရုပ်ပြသ ခြင်း၊ အထပ်မြင့် အဆောက်အအုံများတွင် မီးလောင်မှု ဖြစ်ပွားပါက မီးငြှိမ်းသတ်ယာဉ်နှင့် ရှာဖွေ ကယ်ဆယ်ရေး ယာဉ်များဖြင့် အထပ်မြင့် အဆောက်အအုံအား မီးငြှိမ်းသတ်ခြင်းနှင့် လူများအား ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်း၊ ဆီသိုလှောင်ကန်(Tank Fire) မီးလောင်မှုအား မိုဘိုင်းမီးငြှိမ်းသတ် ယာဉ်ဖြင့် မီးငြှိမ်းသတ်မှုတို့အား လက်တွေ့ သရုပ်ပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

 

ခရိုင်(ပြန်/ဆက်)