မကွေး  ၈  သြဂုတ်

၃၂ နှစ်မြောက် “ ၈၈၈၈ ” အထိမ်းအမှတ် ပေးဆပ်သူတို့စကားဝိုင်းကို မကွေးမြို့၊ နတ်မောက်လမ်း၊ စက်မှုဇုန်ရပ်ကွက်ရှိ သာသုံးသာခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်မှ ညနေ ၄ နာရီထိ ကျင်းပခဲ့ကြောင်း ပါဝင်ဆွေးနွေးသူများထံမှ သိရသည်။

 

စကားဝိုင်းအခမ်းအနားတွင် သဘာပတိဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမြင့်ငွေ(ရေနံချောင်း) က အမှာစကား ပြောကြားခဲ့ပြီး ဝိမုတ္တိအမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ ဆရာလေး ဒေါ်ပညာသိင်္ဂီ က အခမ်းအနား ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

စကားဝိုင်းကို မြန်မာ့ဒီမိုကရေစီအရေးတွင် နိုင်ငံရေးအကျဉ်းကျခံရသူ အမျိုးသမီးများနှင့် မိသားစုဝင် အမျိုးသမီးများ၏ အသံကိုမြှင့်တင်ရန်၊ ပျောက်ဆုံးနေသောအမှန်တရားနှင့် တရားမျှတမှုတို့ကို ပြန်လည်ရှာဖွေရန်၊ အတိတ်၏ ခါးသီးမှုများကို သင်ခန်းစာယူ၍ အနာဂတ်အတွက်ပြင်ဆင်ရန် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

 

 “ဒီစကားဝိုင်းက ကျွန်တော်တို့တစ်ဦးချင်းရဲ့ ပေးဆပ်မှုတွေကို ဖော်ကျူးချင်တာမဟုတ်ဘူး။  ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ လူ့အခွင့်အရေးခိုင်မာတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ရေးအတွက် ပြည်သူတစ်ရပ်လုံးရဲ့ ပေးဆပ်မှုတွေကို နှောင်းလူတွေ မမေ့စိမ့်သောငှာ ဖော်ကျူးနေခြင်း ဖြစ်ပါတယ် ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်ကျော်ကျော် က ပြောသည်။

 

စကားဝိုင်း၌ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမျိုးမင်းက ဦးဆောင်ဆွေးနွေးခဲ့ပြီး ဦးအောင်ကျော်ကျော်၊ ဦးမောင်မောင်၊ ဒေါ်ခင်နှင်းနွယ်၊ ဒေါ်မိုးမိုးနိုင်တို့ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း၊ နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်သန်းသန်းဌေး က ကျေးဇူးတင်စကားပြောကြားပြီးနောက် အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဇေယျတု(မကွေး)