မကွေး ၅ မတ်
ပြင်သစ်နိုင်ငံအခြေစိုက် INGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် GRET Myanmar အဖွဲ့မှ မကွေးမြို့နယ် စည်ပင် သာယာရေးအဖွဲ့သို့ ဆောက်လုပ်လှူဒါန်းမည့် အမှိုက်မှ မြေသြဇာထုတ်လုပ်သည့် စက်ရုံ Compose Unit တည်ဆောက်ရန်နေရာအား မတ်လ ၅ ရက်နေ့တွင် မြေနေရာတိုင်းတာ သတ်မှတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း မကွေးစည်ပင်မှ သိရသည်။
GRET INGO က ဇီဝမြေသြဇာ ထုတ်လုပ်ရေးလုပ်ငန်းအတွက် ၂ နှစ်ကျော်ကြာ လေ့လာဆန်းစစ်မှုများ လုပ် ဆောင်ခဲ့ပြီးနောက် ငွေကျပ် ၁၇ ဒသမ ၈၅၀ သန်း အသုံးပြုကာ စက်ရုံတည်ဆောက် သွားမည်ဖြစ်ပြီး မကွေးမြို့ ၊ မြို့ရှောင် လမ်းရှိ ၊ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ( Final Disposal )နေရာ၌ မြေနေရာတိုင်းတာသတ်မှတ်ခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
“မကွေးအမှိုက်ကျင်းက ၇ ဧက ကျယ်ပါတယ်။ ဒီထဲမှာ စက်ရုံဆောက်ဖို့နဲ့ပတ်သက်လို့ လုပ်ငန်း တင်ဒါကို GRET ရဲ့ အစီအစဉ်နဲ့ ခေါ်ပြီးပါပြီ။ ရွေးလည်းပြီးသွားပါပြီ။ မြေနေရာတိုင်းတာ သတ်မှတ်တာကို တာဝန်ရှိသူတွေနဲ့ ဒီနေ့မှာ လုပ်ဆောင်ခဲ့တာပါ ” ဟု မကွေးမြို့နယ်စည်ပင်မှ ဒုတိယဦးစီးမှူး ဦးအောင်မျိုးသိန်းက ပြောသည်။
တိုင်းတာသတ်မှတ်မှုလုပ်ဆောင်ရာတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး နှင့် ဒေါ်ခင်ချိုလတ် ၊ မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဦးဖိုးနီ နှင့် ကော်မတီဝင်များ ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ လမ်းဦးစီးဌာန ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန မှတာဝန်ရှိသူများ ၊ မကွေးမြို့နယ်စည်ပင် အမှုဆောင်အရာရှိ ၊ စည်ပင်အင်ဂျင်နီယာမှူးနှင့် ဝန်ထမ်းများ ၊ GRET Myanmar တာဝန်ရှိသူများ ပါဝင်ခဲ့ကြသည်။
လေ့လာဆန်းစစ်ချက်များအရ မကွေးမြို့၌ နေ့စဉ်အမှိုက်တန်ချိန် ၅၅ တန် ထွက်ရှိပြီး ယင်းတို့ထဲမှ ၇၀ ရာခိုင်နှုန်းမှာ မြေသြဇာထုတ်ယူ၍ရကာ တောင်သူများထံ ဖြန့်ဝေရန် အစီအစဉ်ရှိကြောင်း ၊ လုပ်ငန်း စတင်ချိန်တွင် စက်ရုံကို GRET မှ ဦးစီးလည်ပတ်မည်ကာ စည်ပင်ဝန်ထမ်းများကို သင်တန်းပေးပြီးပါက မြို့နယ်စည်ပင်သို့ အပြီးအပြတ် လှူဒါန်းသွားမည်ဖြစ်ကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌဦးဖိုးနီထံမှ သိရှိရသည်။
ဇေယျတု(မကွေး)


