မကွေး၊ ၃၀ ဒီဇင်ဘာ
မကွေးမြို့၌ မီးလောင်မှုဆိုင်ရာအခြေအနေများကို ၂၄ နာရီစောင့်ကြည့်မည့် Command and Control center တစ်ခုကို လုပ်ဆောင်နိုင်ရန် စီစဉ်နေကြောင်း မကွေးတိုင်းမီးသတ်ဦးစီးဌာနက သိရသည်။
စင်တာတွင် e-Watching Tower System ဟုခေါ်သည့် မြို့၏ အထပ်မြင့်အဆောက်အဦးပေါ်၌ Long Range CCTV ကင်မရာများတပ်ဆင်စောင့်ကြည့်ခြင်း ၊ Vehicle Tracking System ဟုခေါ်သည့် မီးသတ်ယာဉ်များတွင် တပ်ဆင်ထား သော IP ကင်မရာများမှတစ်ဆင့် မီးသတ်ယာဉ်၏ အမြန်နှုန်း ၊ တည်နေရာများကို ကြီးကြပ်ကွပ်ကဲခြင်း၊ IP Camera System ဟုခေါ်သည့် မီးသတ်ယာဉ်ပါကင်မရာကို စင်တာမှကြည့်၍ မီးငြှိမ်းသတ်မှုကို တိုက်ရိုက်ကွပ်ကဲခြင်း စသည့်စနစ်များပါဝင်သည်။
ထို့အပြင် 4G LTE Network Radio System ဟုခေါ်သည့် မည်သည့်နေရာမဆို ဆက်သွယ်နိုင်မည့် ရေဒီယို ဆက်သွယ်ရေးစနစ် နှင့် e-office System ဟုခေါ်သည့် မီးသတ်ဦးစီးဌာန၏ ရုံးလုပ်ငန်းများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် လုပ်ဆောင်ခြင်းများလည်း ပါဝင်သည်။
“မြို့ရဲ့အချက်အချာကျတဲ့နေရာမှာ ကင်မရာတွေတပ်ထားပြီး Control ခန်းထဲကနေ ၂၄ နာရီစောင့်ကြည့်မယ်။ နယ်မြေစခန်းတွေက ကားတွေမှာ တပ်ထားတဲ့ IP ကင်မရာတွေက ကားစက်နှိုးလိုက်တာနဲ့ ပွင့်သွားပြီ။ ဒါတွေနဲ့ ချိတ်ပြီးလည်း ကွပ်ကဲနိုင်မယ်။ ဘယ်နေရာလောင်တာလဲ၊ မီးရဲ့ပမာဏနဲ့ ကျယ်ပြန့်မှုက ဘယ်လောက်လဲ၊ မီးခိုးရဲ့ အရောင်ကိုကြည့်ပြီး စက်သုံးဆီလောင်တာလား၊ ကာဗွန်နဲ့ မဂ္ဂနီစီယမ်လောင်တာလား ခွဲခြမ်းပြီး နည်းစနစ်မှန်မှန်နဲ့ မီးငြှိမ်းသတ်တဲ့ ပစ္စည်းတွေသုံးနိုင်မယ်။ ဆီတွေ ၊ ဓာတုပစ္စည်းတွေ လောင်ရင် ရေနဲ့ပက်လို့မရတော့ဘူး။ ဒီလိုမျိုးတွေ ထိ စင်တာကနေ ကွပ်ကဲနိုင်လာမယ် ” ဟု မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမျိုးလွင်က ပြောပြသည်။
အဆိုပါ Control စင်တာ လုပ်ဆောင်နိုင်ရေးအတွက် လုပ်ငန်းစဉ်များ စီစဉ်နေဆဲဖြစ်ကာ တင်ပြနိုင်သည့် အခြေအနေ ရောက်ပါက မကွေးတိုင်းအစိုးရသို့ အစီရင်ခံသွားမည်ဖြစ်ကြောင်း၊ စင်တာအတွက် ငွေကျပ် သိန်း ၆၀၀ ခန့် ကုန်ကျ နိုင်ပြီး စင်တာ၏ ကွပ်ကဲမှုသည် နယ်မြေမီးသတ်စခန်းများအားလုံးကိုလည်း လွှမ်းခြုံနိုင်မည်ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၀ ပြည့်နှစ်အတွင်း မီးလောင်မှု ၂၁၃ ကြိမ်ဖြစ်ပွားခဲ့ကာ အိမ်ခြေ ၂၆၈ လုံး ၊ စက်ရုံ၊ အလုပ်ရုံ(၃)ခု မီးလောင်ခဲ့ကြောင်း ၊ ပေါ့ဆမှုကြောင့် မီးလောင်မှုအများဆုံးဖြစ်ပွားခဲ့ပြီး လူ(၅)ဦး ၊ တိရစ္ဆာန်မျိုးစုံ (၁၀၈၁၅) ကောင် သေဆုံးခဲ့ကာ ဒဏ်ရာရသူ(၁၂)ဦး ၊ မီးဘေးသင့်ပြည်သူ ၆၂၈ဦးနှင့် တန်ဖိုးငွေ သိန်း ၁၉၀၀ ခန့် ဆုံးရှုံးခဲ့ကြောင်း တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
ဇေယျတု(မကွေး)


