မကွေး ဧပြီ ၂
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မကွေးမြို့၌ မိရိုးဖလာယဉ်ကျေးမှုနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မကွေးမြို့ We Love Magway အနီး ကျောက်သားဥယျာဉ်ပန်းခြံမှ ကမ်းနားလမ်းတစ်လျှောက် လမ်းလျှောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များ၊ ယိမ်းအကအလှများ၊ တေးဂီတဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး မဟာသင်္ကြန်ပွဲတော်ကော်မတီဝင်များက လှည့်လှည်ကြည့်ရှုစစ်ဆေးသည်။
ယခုနှစ်တွင် မဟာသင်္ကြန်ပွဲတော်ကို မကွေးမြို့ We Love Magway အနီး ကျောက်သားဥယျာဉ် ပန်းခြံမှ ကမ်းနားလမ်းတစ်လျှောက်လမ်းအရှည်ပေ ၇၃၀ ပေါ်တွင် ဗဟိုမဏ္ဍပ်ကြီးတစ်ခု၊ ဝန်ကြီးဌာနမဏ္ဍပ် ခြောက်ခု တည်ဆောက်လျက်ရှိပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်ကိုလည်း အဆိုပါလမ်းတစ်လျှောက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် လမ်းလျှောက်သင်္ကြန်အတွင်း မြန်မာ့အမွေအနှစ်ရိုးရာသနပ်ခါး (နံ့သာလိမ်းခြယ်)မဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များ၊ လောင်းလှေများဖြင့် ရေပက်ကစားနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချပေးနိုင်သည့်အပြင် စက်သုံးဆီသုံးစွဲမှုနှင့် ကုန်ကျစရိတ်များကို ချွေတာသည့်အနေဖြင့် ဧရာဝတီမြစ်အတွင်းမှ ရေများကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် မြစ်ရေတင်ယူကာ လာရောက်ရေကစားသူများအား စိတ်အေးချမ်းသာစွာ ရေကစားနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


