မကွေးမြို့၌ ဖွင့်လှစ်မည့် အင်္ဂလိပ်စာ(၂)နှစ်သင်တန်းသို့ အခမဲ့တက်ရောက်လိုသူများ လျှောက်ထားနိုင်

မကွေး ၉ နိုဝင်ဘာ

အလုပ်အကိုင်နှင့် ကျောင်းတက်မပျက်စေဘဲ သင်ကြားနိုင်မည့် အချိန်ပိုင်း အင်္ဂလိပ်စာ (၂)နှစ်သင်တန်းကို အမေရိကန်နိုင်ငံ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာဗျူရို၏ ပံ့ပိုးမှုဖြင့် မကွေးမြို့၊ ရွာသစ်ရပ်၊ ၁၆လမ်း၊ အမှတ် (၁၆၂/စီ)၊ Opportunities English Language School တွင် အခမဲ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့ မှ ၁၅ ရက်နေ့အတွင်း လျှောက်လွှာများ လက်ခံနေပြီဖြစ်ကြောင်း သိရှိရသည်။

“အသက် ၁၆ နှစ်ကနေ ၁၉ နှစ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ပြီးသူ ဖြစ်ရပါမယ်။ အင်္ဂလိပ်စာကျွမ်းကျင်ချင်တဲ့ စိတ်ပါဝင်စားမှုမျိုးရှိရပါမယ်။ ပျက်ရက်မရှိ သင်တန်းကာလ(၂)နှစ်ပြီးဆုံးအောင် တက်နိုင်သူဖြစ်ရပါမယ်။ သင်ရိုးညွှန်းတမ်း စာရွက်စာတမ်းကအစ အခမဲ့ပါ။ သင်တန်းအသွားအပြန်အတွက် ဆိုင်ကယ်ဆီဖိုး သဘောမျိုးလည်း ထောက်ပံ့ပေးသွားမယ်။ ကျောင်းတက်ရင်း၊ အလုပ်လုပ်ရင်း သင်ကြားနိုင်ဖို့ စနေ၊ တနင်္ဂနွေ ၂ ရက်ကို အချိန်ပိုင်းသင်ကြားပေးသွားမှာပါ” ဟု English Access Microscholarship Program In Myanmar, Magway (2017-2019) ပရိုဂရမ်ဒါရိုက်တာ ဒေါ်ထက်ထက်ဝင်းက ပြောသည်။

လတ်တလောတွင် လျှောက်ထားသူဦးရေ(၁၀ဝ)ကျော် သွားပြီဖြစ်ပြီး အခမဲ့ခွင့်ပြု သင်ကြားနိုင်သည့်ဦးရေမှာ ကျား (၂၀) ဦး၊ မ (၂၀) ဦး၊ အရံကျား၊ မ(၁၀)ဦး စုစုပေါင်း (၅၀)ဦးဖြစ်ကြောင်း၊ တက်ရောက်ခွင့်ရသူ(၅၀)ဦးမှာ အခမဲ့သင်ကြားခွင့် ရမည်ဖြစ်ပြီး ၄င်းတို့ထဲမှ အရံ(၁၀)ဦးမှာမူ အမေရိကန်သံရုံးမှ ထောက်ပံ့သည့် ပစ္စည်းစာရွက်စာတမ်း စာအုပ်များကို ရရှိမည်မဟုတ်ကြောင်း၊ အဓိကတက်ရောက်ခွင့်ရသူ (၄၀)ဦးထဲမှ ပျက်ကွက်သူများရှိလာပါက အရံများထဲမှ အစားထိုးကာ ထောက်ပံ့မှုအပြည့် ပေးသွားမည်ဖြစ်ကြောင်း ဒေါ်ထက်ထက်ဝင်းထံမှ သိရသည်။

လူမျိုးဘာသာမရွေး လျောက်ထားခွင့်ရှိသူများထဲမှ သင်တန်းတက်ရောက်ခွင့် ရရှိသူများသည် အင်္ဂလိပ်ဘာသာ စကားကျွမ်းကျင်မှု၊ အမေရိကန်ယဉ်ကျေးမှုနှင့် စံတန်ဖိုးများကို လေ့လာခွင့်ရရှိမည်ဖြစ်သည့်အပြင် သင်ရိုးညွှန်းတမ်းပြင်ပ ဖွံဖြိုးရေးလုပ်ငန်းများတွင်လည်း ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။

“ပညာသင်ကြားပြီးတဲ့ လူငယ်တွေအနေနဲ့ ကိုယ့်ဒေသမှာ ပြန်လည်အကျိုးပြုနိုင်ဖို့လည်း ရည်ရွယ်တာကြောင့် ကျေးလက်ဒေသက လျှောက်ထားမှုအပေါ် ၅၀ ရာခိုင်နှုန်း နေရာပေးသွားဖို့ရှိပါတယ်။ အလုပ်လုပ်နေတဲ့ ကလေးတွေမှာ အလုပ်ရှင်ကို ခွင့်တောင်းဖို့ အခက်အခဲတွေရှိနေရင်လည်း ဒီသင်တန်းကို တက်ခွင့်ရဖို့ လိုက်ပါပြီး ပြောဆိုပေးသွားမှာပါ” ဟု သင်တန်းနှင့်ပတ်သက်သည့် ရွှေပါရမီပညာရေး ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးအေးကိုကိုက ဆိုသည်။

အမေရိကန်နိုင်ငံ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာဗျူရို၏ ပံ့ပိုးမှုဖြင့် English Access Microscholarship Program In Myanmar အစီအစဉ်များကို မြန်မာနိုင်ငံအတွင်း မော်လမြိုင်၊ မြစ်ကြီးနား၊ ဘားအံ၊ စစ်ကိုင်း၊ လွိုင်ကော်၊ ဟိုပုန်းနှင့် ကလေးမြို့များတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်းသိရပြီး သင်တန်း၌ ထူးချွန်သူများမှာ ပညာသင်ဆုဖြင့် အမေရိကန်နိုင်ငံတွင် ပညာရေးနှီးနှောဖလှယ်ပွဲများ တက်ရောက်ခွင့်၊ တက္ကသိုလ်နှင့် ကောလိပ်များတွင် ပညာဆက်လက်ဆည်းပူးခွင့်များ ရရှိကြမည်ဖြစ်ကြောင်း သိရှိရသည်။

ဇေယျတု(မကွေး)