မကွေး ၁၄ မတ်
မကွေးမြို့နယ် စာရေးဆရာအသင်း အလုပ်အမှုဆောင်သစ် ရွေးချယ်ပွဲကို မကွေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့ နံနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့ပြီး ဥက္ကဋ္ဌ၊ အတွင်းအရေးမှူး အပါအဝင် အမှုဆောင်သစ် (၅)ဦးနှင့် ညီလာခံကိုယ်စားလှယ် တစ်ဦးတို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
ယခင်အသင်း၏ အမှုဆောင်များအားလုံး နုတ်ထွက်ပေးခဲ့ကြပြီး တက်ရောက်လာသူ စာရေးဆရာများ၏ မဲပေးရွေးချယ်မှုအရ ဥက္ကဋ္ဌ ဦးကိုကိုနိုင်(မြား)၊ အတွင်းရေးမှူး ဒေါ်ကြူကြူခိုင် (မြနှင်းသုန်)၊ ဘဏ္ဍာရေးမှူး နော်လီကို (မကွေး)နှင့် အမှုဆောင်များအဖြစ် မကွေးမြင့်သန်း၊ တက္ကသိုလ်ရည်ရွယ်တို့ကို ရွေးချယ်ခဲ့ကြသည်။
အမှုဆောင်အသစ်အဖြစ် အဆိုပြု၍ ယှဉ်ပြိုင်ရွေးခံသူ (၇)ဦးရှိပြီး ဖော်ပြပါ (၅)ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်ကာ မြန်မာပြည် ဆရာဟိန်းနှင့် သားသခင်တို့မှ ဆန္ဒမဲရလဒ် အနည်းဆုံးဖြင့် ရွေးချယ်ခံရခြင်း မရှိခဲ့ကြောင်း၊ ရွေးချယ်ရေးကော်မရှင်အဖွဲ့တွင် မကွေးတိုင်း သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဆရာနေခြည်(မကွေး)နှင့် ခရိုင်ပြန်/ဆက် တာဝန်ရှိသူ (၂)ဦးတို့က တာဝန်ယူကြီးကြပ်ခဲ့ပြီး ညီလာခံကိုယ်စားလှယ်အဖြစ် ဆရာဂါးကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
အမှုဆောင်အသစ်ရွေးချယ်ပွဲ၌ ယခင်နှစ် စာရေးဆရာအသင်း (ဗဟို) ညီလာခံ အတွေ့အကြုံကို ဆရာဦးတင်လင်းဇော်က ရှင်းလင်းမျှဝေခဲ့ပြီး စာရေးဆရာအသင်း(ဟောင်း)၏ ဥက္ကဋ္ဌ ဦးအောင်ချမ်းဇော်နှင့် အတွင်းရေးမှူး မင်းကျော်ဇောတို့က ရန်ပုံငွေ လက်ကျန် ကျပ်(၂)သိန်းကျော်နှင့် အသင်းဆိုင်ရာပစ္စည်းများကို အမှုဆောင်သစ်အဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဇေယျတု(မကွေး)