မကွေးမြို့နယ် ကြို့ပင်အင်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွား လူနေအိမ် ၃၂ လုံး မီးလောင်ဆုံးရှုံး

မကွေး ၁၃ ဧပြီ 

 

မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြို့ပင်အင်းကျေးရွာ၌ ယနေ့ မွန်းလွဲ ၁ နာရီခန့်က ဦးသိန်းထွန်း ၏ နေအိမ်မှ မီးစတင်လောင်ကျွမ်းရာ လူနေအိမ် ၃၂ လုံးမီးလောင် ဆုံးရှုံးခဲ့ပြီး  ကျေးရွာနေပြည်သူ ၁၁၅ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း သိရသည်။       

 

44

 

အဆိုပါ မီးလောင်ကျွမ်းမှုအား ညောင်ကန်ကျေးရွာမှ မီးသတ်ယာဉ်တစ်စီး၊ နတ်မောက်မြို့နယ်မှ မီးသတ် ယာဉ်နှစ်စီး၊ မကွေးမြို့နယ်မှ မီးသတ်ယာဉ်လေးစီး စုစုပေါင်း မီးသတ်ယာဉ် ၇ စီးနှင့်အတူ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကျေးရွာနေပြည်သူများ စုပေါင်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီခွဲခန့်တွင် မီးညွန့်ကျိုးခဲ့ပြီး ညနေ ၃ နာရီခန့်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းခဲ့သည့် နေအိမ်များမှ ကျေးရွာနေပြည်သူများအား ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ရွာဦးကျောင်းဓမ္မာရုံတွင် ယာယီနေရာစီစဉ်ပေးထားပြီး၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် လိုအပ်သည်များ စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။                  

 

MDN