မကွေး ၂၁ နိုဝင်ဘာ

 

ကျေးလက်နေပြည်သူများ ဘေးကင်းလုံခြုံ၍ သန့်ရှင်းသော သောက်ရေသန့်များရရှိရေးအတွက် မကွေးမြို့နယ်၊ ကံသာကြီး ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ပေါင်းစု လုပ်အား အကူညီပေးရေးအဖွဲ့(NAG)နှင့် 1001 FOUNTAINES တို့ပူးပေါင်း၍ ရေသန့်စင်စက်ရုံကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ  ရာနှုန်းပြည့် တည်ဆောက်ပြီးစီး နေပြီဖြစ်ကြောင်း မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ကန်သာကြီးကျေးရွာ၌ ရေသန့်စင်စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းကို ပေါင်းစုလုပ်အား အကူအညီ ပေးရေးအဖွဲ့(NAG)၊ 1001FOUNTAINES တို့မှ ရန်ပုံငွေကျပ်သိန်း ၆၀ဝ ကျော်အကုန် ကျခံကာ Pilot Project အဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ရေသန့်များကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ခွင့်ပြုချက်ရရှိပါက ကန်သာကြီးကျေးရွာနှင့် ခြောက်မိုင်ဧရိယာအတွင်းရှိ ကန်သာလေးကျေးရွာ၊ ညောင်ပင်သာ ကျေးရွာ၊ ဒေါင်းနေကျေးရွာနှင့် ကန်ပြားကျေးရွာ များကို ၂၀လီတာရှိ ရေသန့်ဘူးတစ်ဘူးကို ငွေကျပ် ၄၀ဝ နှုန်းဖြင့် အိမ်တိုင်ရာရောက် ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ ရေသန့် ဝယ်ယူ သောက်သုံးသည့် ကျေးရွာများရှိ အခြေခံပညာမူလတန်းအဆင့် ကျောင်းများကို ရေသန့်များ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများကို မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇောဟိန်း၊ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် ဝန်ထမ်းများက ပေါင်းစု လုပ်အား အကူညီပေးရေး အဖွဲ့(NAG)၊ 1001FOUNTAINES မှ တာဝန်ရှိသူများနှင့်အတူ ရေသန့်စင် စက်ရုံ တည်ဆောက်ပြီးစီးမှုနှင့် စက်ရုံလည်ပတ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေး မှာကြားပါသည်။

 

အဆိုပါ ရေသန့်စင်စက်ရုံတည်ဆောက်ခြင်းစီမံကိန်းကို မကွေးမြို့နယ်အတွင်း ကန်သာကြီး ဧရိယာ အပါအဝင် လိပ်ကန် ကျေးရွာ၊ လင့်မြင့်ကျေးရွာ၊ ကန်ရွာလေးကျေးရွာများ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မကွေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇောဟိန်းထံမှ သိရသည်။

 

သန်းလွင်(မကွေး)