မကွေး ၂  နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လက်ခုပ်ပင်ကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် လျှပ်စစ်မီးရရှိရေး ၄၀၀ ဗို့ဓာတ်အားလိုင်း သွယ်တန်းခြင်း လုပ်ငန်းကို အောက်တိုဘာလ ဒုတိယအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

လက်ခုပ်ပင်ကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်တွင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်၊ ယခုအခါ အဆိုပါ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေအနက်မှ ငွေကျပ် ၄၁ ဒသမ ၂၄ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၄၆ ဒသမ ၆၅၇ သိန်း စုစုပေါင်း ၁၈၇ ဒသမ ၈၉၇ သိန်းဖြင့်  အချိန်ပြည့် လျှပ်စစ်မီး ရရှိရေးအတွက် ၄၀၀ ဗို့ဓာတ်အား လိုင်း ၃၀၀၀ ပေသွယ်တန်းခြင်း လုပ်ငန်းကို မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၏ နည်းပညာ အကူအညီဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အနီးကပ်ကြီးကြပ်ကာ အောက်တိုဘာလ ဒုတိယအပတ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက ပြောပြ၍ သိရသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို မကွေးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆန်၊ မကွေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ (နည်းပညာ) ဒေါ်မြသီတာထွေး၊ မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးနှင့် ဝန်ထမ်းများက  ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ လက်ခုပ်ပင် ကျေးရွာ၌  မြစိမ်းရောင်ကျေးရွာ စီမံကိန်း အတိုးရငွေဖြင့် လျှပ်စစ်မီးရရှိရေး ၄၀၀ ဗို့ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ စီမံကိန်းချေးငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် စာရင်းဇယား ဖြည့်သွင်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ (၁၂၁) လူဦးရေ (၅၄၅) ဦးတို့အတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်းများ ယခင်ကပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

သန်းလွင်(မကွေး)