မကွေး      ၂၃    စက်တင်ဘာ 


မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် အိမ်တိုင်ရာရောက် သောက်သုံးရေ ရရှိရေးအတွက် ဇွန်လတတိယပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။


အဆိုပါ ညောင်ပင်သာကျေးရွာတွင် သောက်သုံးရေ ရရှိရေးအတွက် ကျေးရွာပိုင်အများသုံး စက်ရေတွင်းမှ နွားလှည်း၊ တွန်းလှည်းများဖြင့်လည်းကောင်း၊ ရေထမ်း၍လည်းကောင်း ရယူသုံးစွဲခဲ့ကြကြောင်း၊ ယခု အိမ်တိုင်ရာရောက် သောက်သုံးရေ ရရှိရေးလုပ်ငန်းကို  မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ ကျပ်သိန်း ၅၀၊ ပြည်သူထည့်ဝင်ငွေကျပ်သိန်း ၉၅၊ စုစုပေါင်း ငွေကျပ်သိန်း ၁၄၅ ဖြင့် ဂါလန် ၂၄၀ဝ ဆံ့ အမြင့်တင်ရေစင်တည်ဆောက်ခြင်း၊ ရေပိုက်လိုင်း(၁၃၁၆၇)ပေ သွယ်တန်းခြင်း လုပ်ငန်းများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ အမြင့်တင်ရေစင် တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ ရေမီတာတပ်ဆင်ခြင်းနှင့် အချောသပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းတစ်ခုလုံး၏ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက ပြောပြသည်။


အဆိုပါ အိမ်တိုင်ရာရောက်ရေရရှိရေး လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ(၃၂၆)၊ လူဦးရေ(၁၅၀၅)၊ အခြေခံပညာအလယ်ကျောင်းတစ်ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု၊ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတို့တွင် သောက်သုံးရေများဖူလုံစွာ သုံးစွဲနိုင်တော့မှာဖြစ်ကြောင်း ကျေးရွာဒေသခံပြည်သူများထံမှ သိရသည်။


မကွေးမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်အထိ ညောင်ပင်သာကျေးရွာ အပါအဝင် ကျေးရွာပေါင်း(၃၃)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အနက် ညောင်ပင်သာ၊ ယင်းသာစည် (အနောက်)၊ မြို့မိ စသည့်ကျေးရွာ သုံးရွာ၌ အိမ်တိုင်ရာရောက် ရေရရှိရေးလုပ်ငန်းနှစ်ခု၊ ကွန်ကရစ်ရေကျော် တည်ဆောက်ခြင်း လုပ်ငန်းတစ်ခုကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေကျပ်သိန်း ၁၇၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၀ဝ ဒသမ ၆၁ သိန်း၊ စုစုပေါင်း ငွေကျပ် ၂၇၀ ဒသမ ၆၁ သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သန်းလွင်(မကွေး)