မကွေး ၁၀ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အလယ်ဘို ကျေးရွာအုပ်စု၊ ဖလံတောကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က ဖလံတောကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းနှင့် တိုင်းဒေသကြီးလွှတ်တောကိုယ်စားလှယ် ဦးကျော်ဌေးတို့က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ဖွဲ့စည်းခြင်း၊ စီမံချက်များရေးဆွဲခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော ကျေးရွာသူ၊ ကျေးရွာသားများက စေတနာ့ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်နိုင်မည့် ကော်မတီဝင်များအား တစ်ဦးချင်းမဲပေး၍ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖလံတော ကျေးရွာကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း ၁၀၀၊ ကျေးရွာနေပြည်သူများ၏ လုပ်အား၊ ငွေအားထည့်ဝင်မှုဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ကျေးရွာ၏ အဓိကလိုအပ်ချက်များပါဝင်သော ဖွံ့ဖြိုးရေးစီမံချက်များရေးဆွဲပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က နည်းပညာများပံ့ပိုးကာ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မကွေးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို ဖလံတောကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၁၆ ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သန်းလွင်(မကွေး)