မကွေး  ၄  ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ရွှေကျော်ကျေးရွာတွင် ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ကို ယခုလ ပထမအပတ်မှ စတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှသိရသည်။

 

ကျေးလက်နေပြည်သူများ နွေရာသီကာလ မီးဘေးအန္တရာယ်ကင်းရှင်းစေရန်၊ စွန့်ပစ်အမှိုက်များအား သတ်မှတ်နေရာများတွင် စနစ်တကျစွန့်ပစ်တတ်စေရန်၊ လမ်းဘေးဝဲ/ယာနှင့် မြစ်၊ ချောင်းများအတွင်းသို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများ ရှောင်ကြဉ်စေရန်၊ လူနေမှုအဆင့်အတန်းမြင့်မားစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုး ကပြောပြ၍ သိရသည်။

 

ဆက်လက်၍ ကျေးရွာသူ ကျေးရွာသားများ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု စနစ်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ပိုမိုသိရှိလာပြီး လက်တွေ့လိုက်နာကျင့်သုံးတတ်စေရန် ကျေးရွာစွန့်ပစ်အမှိုက် ကော်မတီဖွဲ့စည်းခြင်း၊ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်း၊  စွန့်ပစ်အမှိုက်နှင့် ပတ်သက်၍ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပညာပေးဗီနိုင်း ပိုစတာများအား ကျေးရွာရှိ စာသင်ကျောင်းများ၊ လမ်းမများတွင် စိုက်ထူထားရှိခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းတို့အား ယနေ့နံနက် ၁၀နာရီက ရွှေကျော်ကျေးရွာနေ ပြည်သူများများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးထံမှ သိရသည်။

 

မကွေးမြို့နယ်အတွင်း ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်ကို ရွှေကျော်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၇၅ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပထမဦးစားပေးအနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာများအား ပညာပေး စည်းရုံးကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သန်းလွင်(မကွေး)