မကွေး ၂၆ နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေး အတွက် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၆၈ ဒသမ ၈၄၁ သန်းအသုံးပြုကာ  ကျေးရွာ(၁၀)ရွာ၌ သောက်သုံးရေ ရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန သိရသည်။

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်း သောက်သုံးရေများ ဖူလုံစွာ ရရှိရေးအတွက်  ဦးစာပေးဆောင်ရွက်လျက်ရှိရာ ယခုဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေ ၁၆၈ ဒသမ ၈၄၁ သန်းဖြင့် စက်ရေတွင်း ခြောက်တွင်းတူးဖော်ခြင်း၊ မြေသား ရေကန် တစ်ကန်တူးဖော်ခြင်း၊ ရေမြှုပ်ပန့်တပ်ဆင်ခြင်းလုပ်ငန်းတစ်ခု၊ ဂါလန်(၂၄၀ဝ)ဆံ့ အမြင့်တင် ရေစင် တည်ဆောက်ခြင်းလုပ်ငန်းနှစ်ခု၊ ဂါလန်(၅၀ဝ၀)ဆံ့ အုတ်ရေကန် ခြောက်ကန် တည်ဆောက်ခြင်း နှင့် အလျား ၁၀ ပေ အနံ ၈ ပေ အမြင့် ၈ ပေ ရှိ ရေစက်ရုံခြောက်ခု တည်ဆောက်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တင်ဒါအောင်မြင်သည့် ကုမ္မဏီများအား လုပ်ငန်းအပ်နှံစာချုပ်များ ချုပ်ဆိုလျက်ရှိပြီး မကြာမီ လုပ်ငန်းများ စတင်ဆောင်ရွက် သွားမှာဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုး ပြောပြချက်အရ သိရသည်။

 

“ကျွန်မတို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့တော့ ကျေးလက်ဒေသများ သန့်ရှင်းသော သောက်သုံးရေရရှိရေးကို ဦးစားပေးဆောင်ရွက်နေပါတယ်။ သောက်သုံးရေ  ရှားပါးနိုင်တဲ့ ကျေးရွာတွေကိုတော့ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ တွေနဲ့ ဦးစားပေးအလိုက် ရွေးချယ်ပြီး ရေရှားပါးနိုင်မှု မရှိစေရေး ကြိုးစားဆောင်ရွက် နေတယ်လို့” မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက ပြောသည်။

 

မကွေးမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင်လည်း သောက်သုံးရေရှားပါးသော ကျေးရွာ(၁၁)ရွာ၌ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ခြောက်ခုနှင့် အခြားရေရရှိရေးလုပ်ငန်း ငါးခုကို ငွေကျပ် ၂၀၁ ဒသမ ဝ၁၁ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)