မကွေး ၁၆ မတ်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေး နှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ကျေးရွာပေါင်း (၁၆)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (၁၆)ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
မကွေးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာတစ်ရွာလျှင် ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀)၊ ပြည်သူ ထည့်ဝင်ငွေများဖြင့် ကျေးရွာပေါင်း (၁၆)ရွာတွင် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းခုနစ်ခု၊ ကျေးရွာအဝင်နှင့် ကျေးရွာအတွင်းလမ်များ မြေနီ ကျောက်စရစ်ခင်းခြင်းလုပ်ငန်းခုနစ်ခု၊ ကျေးရွာမီးလင်းရေးအတွက် ၄၀၀ ဗို့ ဓါတ်အားလိုင်းများ တိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်း တစ်ခု၊ အိမ်တိုင်ရာရောက် ရေရရှိရေးလုပ်ငန်းတစ်ခု၊ စုစုပေါင်းလုပ်ငန်း (၁၆)ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုး ပြောပြ၍ သိရသည်။
လက်ရှိတွင် အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ခိုင်း၊ မြင်းကင်း၊ လက်ပုတို၊ ရွာဟောင်းကန်၊ ကန်းပြား(အရှေ့)၊ ဂွေးတောက်စမ်း၊ ကဒေါင်းကြီး၊ ယင်းမာတော၊ ယင်းကွေ့ချောင်း၊ လင့်မြင့်၊ လိပ်ကန်၊ ထုံးပေါက်တော (မြောက်)၊ ရေခါး၊ စမ်းမကြီး၊ ဖလံတော၊ မကြီးကန် စသည့် ကျေးရွာ ၁၆ ရွာကို မတ်လ ၁၄ ရက်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျေးရွာတစ်ရွာလျှင် စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
မကွေးမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ကို ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာတစ်ရွာ ၊၂၀၁၈ခု မီနီဘတ်ဂျက်တွင် ကျေးရွာသုံးရွာ၊ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ (၁၄)ရွာ စုစုပေါင်း ကျေးရွာ(၁၈)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
သန်းလွင်(မကွေး)




