မကွေး၊ ၁၇ ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၄ ရွာတွင် ၂၀၂၀-၂၀၂၀၁ ခု ဘဏ္ဍာရေးနှစ် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် သိန်း ၁၄၀၀၊ ပြည်သူ ထည့်ဝင်ငွေတို့ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုး၏ ပြောပြချက်အရ သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် မိမိတို့ကျေးရွာ၏ ပကတိ လိုအပ်ချက်များပါဝင်သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များကို မိမိတို့ ကိုယ်တိုင်ရေးဆွဲပြီး အဆိုပါစီမံချက်များကို မြို့နယ်စီမံကိန်းရေးဆွဲရေးလုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

မကွေးမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ယခုဘဏ္ဍာနှစ်တွင် လျောင်းတော်ဦး၊ ရွာသစ်ကြီး၊ ကန်တော်၊ သပြေရင်၊ အလယ်ဘို၊ ဆားတိုင်ကန်၊ သင်္ဘောဆိပ်၊ အလယ်ချောင်း၊ မိကျောင်းရဲ၊ ဘုရားပြို(တောင်)၊ အင်းဦး၊ ကုန်းကြီး၊ အင်းပု၊ သမန်းတော(မြောက်) စသည့် ကျေးရွာ ‌၁၄ ရွာတွင် စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သန်း ၁၄၀၀၊ ကျေးရွာပြည်သူတွေရဲ့ ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နည်းပညာများပံ့ပိုးကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

သန်းလွင်(မကွေး)

 

mdn