မကွေး နိုဝင်ဘာ ၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာနှစ်တွင် မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာခုနစ်ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာများမှာ အုန်းတွဲကျေးရွာ၊ ဆူးကောက်စမ်းကျေးရွာ၊ အိုင်းကြီးကုန်းကျေးရွာ၊ မြင်စိုင်းကျေးရွာ၊ စိုင်ကျကျေးရွာ၊ ကံသာကြီးကျေးရွာနှင့် ညောင်ကန်ကျေးရွာတို့ဖြစ်ပြီး မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးနှင့် ဝန်ထမ်းများသည် နိုဝင်ဘာ ၂ ရက်က အုန်းတွဲကျေးရွာအုပ်စု၊ အုန်းတွဲကျေးရွာသို့ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ဖွဲ့စည်းခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွာဘဝဖွံ့ဖြိုးရေးကို စဉ်ဆက်မပြတ် ဖော်ဆောင်ရန်ဟူသော မျှော်မှန်းချက်အား ဘက်ပေါင်းစုံမှ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးရွာလူထုကိုယ်တိုင် ပူးပေါင်းဆောင်ရွက်ခြင်းနည်းဖြင့် ကျေးရွာများ၏ ပကတိလိုအပ်ချက်များအား ဖော်ထုတ်ပြီး ဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲရန် ရည်ရွယ်ချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကို ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း မကွေးမြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးထံမှ သိရသည်။

အထွေး