မကွေး ၂၃ ဇူလိုင်
မိုးရွာသွန်းရက်နည်းပါးပြီး သီးနှံများရှင်သန်ဖြစ်ထွန်းရန် မိုးလိုနေသည့် မကွေးမြို့နယ်အတွင်း၌ မြန်မာတို့၏ ဓလေ့တစ်ခုဖြစ်သည့် မိုးမျှော်လွန်ဆွဲပွဲများကို ကျေးရွာများ၌ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း မကွေး ဒေသခံတောင်သူများထံမှ သိရသည်။
“တောင်သူတွေကတော့ မိုးမရွာတော့ လွန်ဆွဲရတာပေါ့ဗျာ။ ရွာတော်တော်များများက ပဲနှမ်းတွေက သေကုန် ကြပြီလေ။ ပြီးခဲ့တဲ့နှစ်ကလည်း လွန်ဆွဲတော့ မိုးရွာတယ်။ ဒီနှစ်လည်း ဆွဲလိုက်တော့ မိုးပေါက်လေးတွေ အကျပြလာတယ်။ မိရိုး ဖလာအစွဲတစ်ခုလည်းဖြစ်တော့ ထပ်ပြီးဆွဲကြဦးမှာ” ဟု မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ၊ ကျေးလက်မြေအဖွဲ့ နာယက ဦးဇော်မင်းထိုက်က ပြောသည်။
ကြာကန်ကျေးရွာအပါအဝင် မိုးဦးရ၍ နှမ်းကောင်းသည်ဟုပြောနေကြသည့် မကွေးမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာအချို့တွင်လည်း မိုးရွာသွန်းရက် နည်းပါးပြတ်တောက်ခဲ့ရပြီး သီးနှံမကောင်း၍ ထည်မှောက်ကြရမည့် စိုက်ဧကများလည်း ရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ခုကတော့ ပွင့်နီထိပ်ကပ်တွေ ဖြစ်ကုန်တာပေါ့။ နှမ်းက သီးသင့်သလောက် မသီးဘူး။ ခုလို နေဆက်ပူပြီးတော့ မိုးခေါင်မယ်ဆိုရင် တောင်သူတွေ စားဝတ်နေရေးတွေ ကျပ်ကုန်တော့မှာပဲ။ ကြံမိကြံရာပေါ့ဗျာ။ ခုကတော့ လွန်ဆွဲဖို့ပဲ တတ်နိုင်တော့တယ်” ဟု ဒေသခံတောင်သူ ဦးသောင်းက ဆိုသည်။
လွန်ဆွဲပွဲများပြုလုပ်ခြင်းမှာ ဝမ်းစာရေးအတွက် ပူပင်သောကကိုအခြေခံသော်လည်း ရွာသူရွာသားများ အတွက် ပျော်ပွဲရွှင်ပွဲသဖွယ်ဖြစ်စေပြီး ယုံကြည်မှုကြောင့်ဖြစ်သည့် မျှော်လင့်ချက်များက ခဏတာ စိတ်သက်သာမှုကိုရစေကြောင်း ဆားတိုင်ကန်ကျေးရွာနေ တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ဇေယျတု(မကွေး)


