မကွေး ၁၉ ဩဂုတ်
မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီသည် ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး လမ်းညွှန်ချက်နှင့်အညီ (Sunday Stop) လှုပ်ရှားမှုကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ မကွေးမြို့ပေါ်ရှိ ဈေးကြီး(၃)ဈေးတွင် ဌာနပေါင်းစုံ ပူးပေါင်းပါဝင်ပြီး သြဂုတ်လ ၁၈ ရက် ယနေ့ နံနက်ပိုင်းက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုဆောင်ရွက်မှုတွင် မကွေးတိုင်းဒေသကြီးအတွင်း တနင်္ဂနွေနေ့တိုင်း ဈေးများတွင် ကြွပ်ကြွပ်အိတ် မသုံးရဟု သတ်မှတ်ထားရှိပြီး ကြွပ်ကြွပ်အိတ် အသုံးပြုခြင်း၏ ဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောခြင်း၊ ကြွပ်ကြွပ်အိတ်ဖြင့်ဝယ်ယူလာသော ပစ္စည်းများအား အစားထိုးလဲလှယ်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဈေးရောင်း ဈေးဝယ်သူများအား ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျှော့ချရေးနှင့် အစားထိုးအသုံးပြု ရေးလမ်းညွှန်ချက် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို(Sunday Stop)လှုပ်ရှားမှုအဖြစ် (၆)ကြိမ် မြောက် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး (ငဖဲ)


