မကွေး ၅   ဇွန်

 

မကွေးမြို့တွင် စာသောက်ဆိုင် ၊ ထမင်း ဆိုင်၊ လဘက်ရည်ဆိုင် အရေအတွက် ၂၅၀ ကျော်ရှိပြီး ဆိုင် ၆၆ ဆိုင်အား ဇွန် ၄ ရက်နေ့မှစ၍ ပါဆယ်ရောင်းချသည့်စနစ်မှ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပြုလိုက်ပြီဖြစ်ကြောင်း မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

 

ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချပါက ရောင်းချသူနှင့် စားသုံးသူများ လိုက်နာရမည့် အချက်အလက်များကို ဆိုင်များသို့ ဖြန့်ဝေပေးထားပြီးနောက် စစ်ဆေးမှု အောင်မြင်ခဲ့သည့်ဆိုင်များကို ခံဝန်ကတိ လက်မှတ် ရေးထိုးစေပြီး ဖွင့်လှစ်ခွင့်ပြုလိုက် ခြင်းဖြစ်သည်။

 

စစ်ဆေးခံဖို့ အဆင်သင့်ဖြစ်နေတဲ့ ဆိုင်အရေအတွက် (၈၅)ဆိုင်ရှိပါတယ်။ (၆၆) ဆိုင်ကို လိုက်လံစစ်ဆေး ပြီးစီးပြီးပါပြီ။ ကပ်ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိတာကြောင့် ဇွန် ၄ ရက်နေ့ကစပြီး ဖွင့်လှစ်ခွင့်ပြုလိုက်ပါပြီ။ ကျန်တဲ့ ဆိုင်၂၀ ကျော်ကိုလည်း ဆက်လက်စစ်ဆေးပြီး စည်းကမ်းချက်နဲ့ ကိုက်ညီရင် ဖွင့်လှစ်ခွင့် ပြုသွားမှာပါဟု မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူက ပြောသည်။

 

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြား ချက်အရ စည်ပင်သာယာရေးအဖွဲ့ ၊ အထွေထွေ အုပ်ချုပ်ရေး၊ ကျန်းမာရေး ၊ စားသုံးသူရေးရာ ဦးစီးဌာနများ နှင့် ရဲ တပ်ဖွဲ့တို့ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီး ဌာန သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိ၊ မရှိ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း မကွေးမြို့နယ် စည်ပင် သာယာရေးအဖွဲ့ သန့်ရှင်းရေးဌာနစိတ် တာဝန်ခံ ဦးအောင်ကိုကိုထံမှ သိရသည်။

 

စည်းကမ်းချက်များအတိုင်း လိုက်နာမှုရှိ၊ မရှိကို ရှောင်တခင်စစ်ဆေးသွားမည်ဖြစ်ပြီး စည်းကမ်း ဖောက်ဖျက်မှု တွေ့ရှိပါက ပထမအကြိမ် သတိပေး၊ ဒုတိယအကြိမ် ဒဏ်ငွေတပ်၍ တတိယအကြိမ် ဖောက်ဖျက်ပါက ဆိုင်ပိတ်သည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း မကွေးမြို့နယ် စည်ပင်မှ သိရသည်။

 

ဇေယျတု(မကွေး)