မကွေး  ၃၀  စက်တင်ဘာ

မကွေးမြို့တွင် ကိုဗစ်ပိုးတွေ့ရှိလူနာ မိသားစုများရှိရာ ဆားစည်ရပ်ကွက်ကို စက်တင်ဘာ ၂၀ ရက်နေ့မှ စ၍ အသွားအလာ ကန့်သတ်အမိန့် ထုတ်ပြန်ခဲ့ပြီးနောက် ၁၄ ရက်ပြည့်သည့် အောက်တိုဘာ ၃ ရက်နေ့၌ အဆိုပါကန့်သတ်မှုကို ပယ်ဖျက်တော့မည်ဖြစ်ကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရသည်။

 

"ဆားစည်ရပ်ကွက်က ၁၄ ရက်ပြည့်ပြီဆိုတော့ အကန့်အသတ် ဖြုတ်လို့ရပါပြီ။ ​အောက်တိုဘာ ၃ ရက်နေ့မှာ အသွားအလာ ကန့်သတ်ထားတာ ဖြုတ်ပေးမှာပါ။ မကွေးမြို့နယ်၊ လျောင်းတော်ဦးနဲ့ မိကျောင်းရဲ၊ မကျီးကန်ရွာတွေက အကန့်အသတ်တွေလည်း ဖြုတ်ထားပြီးပါပြီ'' ဟု မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်း က ပြောသည်။

 

ဆားစည်ရပ်ကွက်မှ ကိုဗစ်လူနာ ၅ ဦးမှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ Guide Line နှင့်အညီ နေထိုင်ပြီးဖြစ်၍ စက်တင်ဘာလ ၂၈ ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ရသွားပြီဖြစ်သည်။

 

"ရပ်ကွက်ထဲက ကိုဗစ်ပိုးတွေ့လူနာတွေဆေးရုံက ဆင်းခွင့်ရပြီးတဲ့နောက် အိမ်မှာပဲ Quarantine (၇)ရက် ဝင်နေပါတယ်။ ပိတ်ထားတဲ့လမ်းကသူတွေကို ၃ ရက်တစ်ခါ စျေးဝယ်ခွင့်ပေးတာဆိုတော့ အခက်အခဲရှိနိုင်ပေမယ့် အကန့်အသတ်ကာလမှာ အစိုးရကရော၊ ပရဟိတအဖွဲ့တွေနဲ့ အလှူရှင်တွေကရော လာလှူကြလို့ အဆင်ပြေပါတယ် '' ဟု ဆားစည်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမောင် က ဆိုသည်။

 

စက်တင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းထိ မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များ၌ ကိုဗစ် positive လူနာ ၄၄ ဦး ရှိပြီး ၂၁ ဦးမှာ ရောဂါပျောက်ကင်းသည့်အတွက် ဆေးရုံမှ ဆင်းခွင့်ပြုထားပြီးဖြစ်ကြောင်း သိရှိရသည်။

ဇေယျတု( မကွေး)