မကွေးမြို့ရှိ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူများရှိရာ Quarantine Camp ထဲမှ အမှိုက်များကို မီးရှို့ဖျက်ဆီး

မကွေး ၆  ဧပြီ 

နိုင်ငံရပ်ခြားမှ ပြန်လာပြီး မကွေးမြို့တွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူများရှိရာ Quarantine Camp (၃)ခုထဲမှ စွန့်ပစ်အမှိုက်များကို သိမ်းဆည်း၍ မကွေးမြို့ရှောင်လမ်းရှိ အမှိုက်ကျင်း၌ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။ 

 “Quarantine Camp ထဲက အကာအကွယ်ဝတ်စုံပြည့် ဝတ်ဆင်ထားသူတွေက အမှိုက်တွေကို စည်ပင်ကားပေါ် တင်ပေးပါတယ်။ အမှိုက်ကျင်းရောက်ရင် ကားပေါ်ကနေ ဟိုက်ဒရောလစ်စနစ်နဲ့လှန်ချပြီး မီးရှို့ဖျက်ဆီးပါတယ်။ အခုကာလ မှာ အမှိုက်သိမ်းပြီး မီးရှို့တာ သုံးကြိမ်ရှိသွားပါပြီ ” ဟု မကွေးစည်ပင် ဒုတိယဦးစီးမှူး ဦးအောင်မျိုးသိန်းက ပြောသည်။ 

 

‌ေ

 

မကွေးမြို့တွင် နိုင်ငံရပ်ခြားပြန်စောင့်ကြည့်ထားသူ ၂၉၇ ဦးရှိပြီး Quarantine Camp များဖြစ်သည့် ကွန်ပျူတာ တက္ကသိုလ်တွင် (၇၀)ဦး ၊ ကျန်းမာရေးတက္ကသိုလ်တွင် (၇၅)ဦး နှင့် ပညာရေးကောလိပ်တွင်(၁၅၂)ဦး ရှိကြောင်း၊ ထိုနေရာများမှ စွန့်ပစ်သည့်အမှိုက်များကို မီးရှို့ဖျက်ဆီးပြီးပါက အမှိုက်တင်ကားကို ပိုးသတ်ဆေးတစ်ပါတည်းဖြန်းပြီးမှ မြို့ထဲပြန်ဝင်ကြောင်း သိရသည်။

Mask နှင့် လက်အိတ်များကို စည်ပင်သန့်ရှင်းရေးဝန်ထမ်းများအား လုံလောက်စွာပေးထားပြီး အလှူရှင်များကလည်း လှူဒါန်းမှုများ ရှိနေကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းအတွင်းမြို့နယ်များရှိ စည်ပင်အဖွဲ့များထံ လက်အိတ် ၁၁၁၀ဝ ခု ၊ PPE ဝတ်စုံများ ၊ Mask များ ဖြန့်ဝေပေးထားကြောင်း မကွေးမြို့နယ်စည်ပင်မှ သိရှိရသည်။ 

ဇေယျတု(မကွေး)