မကွေး    ၃   ဒီဇင်ဘာ    

 

မသန်စွမ်းသူများ၏ အရေးကို လျစ်လျူရှု၍မရဘူးဆိုတာ သိရှိစေပြီး မသန်စွမ်းသူများ၏ လူမှုရေး စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုဘဝများတွင် မသန်စွမ်းသူများအပေါ် ပိုမိုနားလည်မှု တိုးလာစေရန်နှင့် အခွင့်အရေးများ အပြည့်အဝရှိစေရန် ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်း သူများနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိရာ မကွေးမြို့တော် ခန်းမတွင် ဒီဇင်ဘာ ၂ ရက် ယနေ့နံနက် ၉ နာရီ က အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက အပြည် ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ၁၉၉၄ ခုနှစ်က စတင်ပြီး နှစ်စဉ် ဒီဇင်ဘာလ(၃)ရက်နေ့မှာ အစဉ် အလာမပျက် ဂုဏ်ပြုကျင်းပခဲ့တာဖြစ်ပြီး အခု ၂၀၁၉ ခုနှစ်မှာ (၂၆)ကြိမ်ပြည့်မြောက် ခဲ့ပြီဖြစ်ကြောင်း၊ မသန်စွမ်းသူများရဲ့ ဘဝမှာ ခံစားတွေ့ကြုံရတဲ့ အခက်အခဲ အတားအဆီးတွေဟာ သူတို့ရဲ့ ချို့ယွင်း အားနည်းမှုကြောင့် မဟုတ်ဘဲ ပတ်ဝန်းကျင် ရုပ်ပိုင်းဆိုင်ရာ၊စိတ်သဘောထား အမြင်ပိုင်းဆိုင်ရာနဲ့ အခြား အတားအဆီးတွေကြောင့်သာဖြစ်ကြောင်း၊မကွေးတိုင်းဒေသကြီး မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကော်မတီကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့တွင် အဖွဲ့ဝင်(၁၉)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသ ကြီးအတွင်းရှိ မသန်စွမ်းသူများ၏ အခွင့်အရေးများ အပြည့်အဝရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုနှစ်ဆောင်ပုဒ်ဖြစ်တဲ့ The Future is Accessible အတားအဆီးကင်းရေး မျှော်မှန်းလို့ မသန်စွမ်း လူ့အခွင့်အရေး ဖော်ဆောင်စို့နှင့်အညီ မသန်စွမ်းသူများ စွမ်းဆောင်ရည်မြင့်မားလာစေရေး ဦးတည်ပြီး အားလုံးအတူတကွ လက်တွဲဆောင်ရွက်သွားကြဖို့ အလွန်အရေးကြီးကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

 

ဆက်လက်၍ မကွေးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်းချုပ်ဥက္ကဌက ကျေးဇူတင်စကား ပြောကြားပြီး၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ပြိုင်ပွဲများ ဖြစ်သည့် ပန်းချီ၊သီချင်းဆို၊စစ်တုရင်နှင့် (ထက်၊လယ်၊မူ)အဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိ သူများအား လူမှုရေး ဝန်ကြီးနှင့်တာဝန်ရှိသူတို့က ဆုအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် မသန်စွမ်း အဖွဲ့များက စုပေါင်းသီဆို မှု၊ဆုရရှိသူ မသန်စွမ်းကလေးငယ်များက တီးခတ်သီဆို ဖျော်ဖြေမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)