မကွေး ၂၃ မတ်
၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတွင် မကွေးမြို့၌ ဒုတိယအကြိမ်မြောက် လမ်းလျှောက်သင်္ကြန် ထည့်သွင်းကျင်းပသွားမည်ဟု သိရသည်။ မြန်မာရိုးရာယဉ်ကျေးမှု အစဉ်အလာများကို ထင်ဟပ်ပေါ်လွင်စေပြီး ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ လည်ပတ်ရေကစားနိုင်မည့် လမ်းလျှောက်သင်္ကြန်ပွဲတော်အား ယခင်နှစ်ကကဲ့သို့ မကွေးမြို့ ကမ်းနားလမ်းတစ်လျှောက်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
''ယမန်နှစ်ကလိုဘဲ တိုင်းရင်းသားရိုးရာ မဏ္ဍပ်တွေ၊ ရေကစားမဏ္ဍပ်တွေ၊ စတုဒိသာမဏ္ဍပ်တွေ၊ ဖျော်ဖြေရေးမဏ္ဍပ်တွေ ပါဝင်ပါမယ်။ ယခင်နှစ်က ရေကစားကြရင်း ဗိုက်ဆာလာသူတွေနဲ့ အခြားမြို့များမှ လမ်းလျှောက်သင်္ကြန်ကို လာရောက်လည်ပတ် ကြသူများအတွက် ရည်ရွယ်ပြီး လမ်းလျှောက်သင်္ကြန်အနီး သဲသောင်ပြင်မှာ နေ့စဉ်စတုဒိသာ၊ နေ့လည်စာ ထမင်းတစ်နပ် ကျွေးမွေးနိုင်ဖို့ ကြိုးစားထားပါတယ်။ လမ်းလျှောက်သင်္ကြန် ဧရိယာတစ်လျှောက် ယမန်နှစ်ကထက် ရေပိုမိုရရှိရေးအတွက်လည်း အထူးစီမံဆောင်ရွက်သွားဖို့ ရှိပါတယ်'' ဟု လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီဝင် ကိုမိုး (မကွေးပရဟိတ) က ပြောသည်။
အဆိုပါပွဲကို မကွေးမြို့ ကမ်းနားလမ်းတွင် ကျင်းပမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မကွေးလမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။
မကွေး ချစ်ပေါက်


