မကွေးမြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေး ၁၃ ဧပြီ

 

မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ကို ဧပြီ  ၁၃ ရက်  နံနက် ၈ နာရီခွဲက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

mdn

 

မကွေးမြို့၏ မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ကို ကမ်းနားလမ်း တစ်လျှောက်တွင် ကျင်းပခြင်းဖြစ်ပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်စကား ပြောကြားကာ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ယိမ်းအဖွဲ့များက မြနန္ဒာသီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။

 

mdn

 

ဆက်လက်၍ လမ်လျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦး၊ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဖိုးနီ၊ လူမှုရေးအသင်းအဖွဲ့မှ ဦးသိန်းဇော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

 

mdn

 

ရိုးရာယဉ်ကျေးမှုဓလေ့များ ထည့်သွင်းကျင်းပသည့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို မကွေးမြို့ တွင် ၂၀၁၈ ခုနှစ်က စတင်ကျင်းပခြင်းဖြစ်ရာ ယခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ဆက်လက်ကျင်းပ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ကမ်းနားလမ်းတစ်လျှောက် မဲထီးလမ်းထိပ်မှ ကျောက်သား ဥယျာဉ်ထိ ရေကစားမဏ္ဍပ်၊ ဖျော်ရေးမဏ္ဍပ်များနှင့် စတုဒိသာမဏ္ဍပ်များရှိနေပြီး ဗဟိုမဏ္ဍပ်တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက် အသီးသီးတို့မှ ယိမ်း (၁၄) ဖွဲ့ဖြင့် အလှည့်ကျ ဖျော်ဖြေယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ မကွေးမြို့၏ မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြားသား ခရီးသွားများပါ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်းလည်း သိရသည်။

 

ထို့အပြင် မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ဧရာဝတီမြစ်ကမ်း ညောင်ကိုးပင်ဆိပ်၌ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် ဖန်ခါးမြေ ဘိုးဘွားရိပ်သာ၌ အသက် (၈၅) နှစ်နှင့် အထက်ဘိုးဘွား (၆၆) ဦးအား ပူဇော်ကန်တော့ပွဲတို့ကိုလည်း ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)

 

mdn