မကွေး  ၁၀   ဧပြီ 

မကွေးမြို့၌ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေး(၅)ဈေးရှိပြီး ဈေးဝယ်သူနှင့် ဈေးရောင်းသူများအားလုံး Mask နှာခေါင်းစည်းတပ်ပြီးမှ ဈေးထဲဝင်ရမည်ဖြစ်ကြောင်း စည်ပင်တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

"အမိန့်တစ်ခုသဘော ထုတ်တာတော့မဟုတ်ပါဘူး။ မေတ္တာရပ်ခံ အသိပေးပန်ကြားတဲ့ အနေအထားပါ။ ဈေးသည်တွေကို ဒီနေ့ ရှင်းပြတယ်။ စာပို့တယ်။ မနက်ဖြန်ကစပြီး ဈေးဝယ်သူတွေ ဈေးထဲဝင်ရင် mask တပ်ဖို့ ဈေးပေါက်ဝတွေမှာ Hand Speaker နဲ့ ကြေငြာမယ်။ မေတ္တာရပ်ခံပါမယ်'' ဟုမကွေးမြို့နယ် စည်ပင် ၊ ဒုတိယဦးစီးမှူး ဦးအောင်မျိုးသိန်း က ရှင်းပြသည်။

ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် အလှူရှင်တစ်ဦးမှလှူဒါန်းသော နှာခေါင်းစည်း (Mask) များကို မကွေးမြို့နယ်စည်ပင်ဝန်ထမ်းများက မြို့မဈေးရှိ ဈေးသူ/ဈေးသားများအား ဧပြီ  ၁၀ ရက်နေ့ မနက်ပိုင်း၌ လိုက်လံဝေငှခဲ့ကြသည်။

တိုင်းဒေသကြီးအစိုရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးအတွက် ရှောင်ရန်ဆောင်ရန်များကို အသိပေးပန်ကြားစာများ ထုတ်ပြန်ပေးလျက်ရှိသည်။

စားဝတ်နေရေးအတွက် မဖြစ်မနေသွားရမည့်ဈေးများကို ပိတ်သိမ်းထားခြင်းမရှိဘဲ အပန်းဖြေပန်းခြံများအားလုံးကိုမူ ယနေ့နံနက်ပိုင်းမှစ၍ ယာယီပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ဇေယျတု(မကွေး)