မကွေး မတ် ၃
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ မကွေးပညာရေးဒီဂရီကာလိပ် ရှေးဦးသူနာပြုစုခြင်း(အခြေခံ) သင်တန်း (၁/၂၀၂၃) သင်တန်းဆင်းလက်မှတ် အပ်နှင်းပွဲကို မတ် ၂ ရက်က မကွေးမြို့ မကွေးပညာရေး ဒီဂရီကာလိပ် ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်ကြားရေးဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “သင်တန်းမှရရှိလာမည့် အသိပညာများဖြင့် သင်တန်းသား သင်တန်းသူ ဆရာ ဆရာမလောင်းများက မိမိတို့ပတ်ဝန်းကျင်နှင့် တာဝန်ကျရာ ဒေသများမှာ လူ့အသက်ကယ်တင်နိုင်တဲ့ အခွင့်အရေးကို ရရှိမှာဖြစ်ကြောင်း၊ အသက်တွေ ကယ်တင်ဖို့၊ ထိခိုက်ဒဏ်ရာတွေ၊ အဖျားရောဂါတွေ ပိုဆိုးမလာအောင် ကာကွယ်ဖို့၊ နလန်ထချိန် မြန်စေဖို့၊ နာကျင်မှုတွေကို သက်သာစေဖို့၊ မျှော်လင့်မထားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်မလာစေဖို့ ကိစ္စတွေမှာ သင်တန်းဆင်း ဆရာ ဆရာမလောင်းတွေက ပါဝင်အားဖြည့်ကြမယ်လို့ ယုံကြည်ပါကြောင်း” အမှာစကား ပြောကြားသည်။
ထို့နောက် မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ချောခင်က ရှေးဦးပြုစုခြင်း အခြေခံသင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ရှေးဦးသူနာပြုစုခြင်း(အခြေခံ) သင်တန်း(၁/၂၀၂၃)သို့ တက်ရောက်သည့် ပညာရေး ဒီဂရီကောလိပ် သင်တန်းသား သင်တန်းသူ ၈၀ ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ကာ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများက ရှေးဦးပြုစုခြင်း သရုပ်ပြသ ခဲ့သည်။
မောင်ညီညာ