မကွေး ၉  မေ 

 

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ၌ အထောက်အပံ့တစ်ရပ် ဖြစ်စေရန် မကွေးပရဟိတ အဖွဲ့က မကွေးအခြေစိုက် သတင်းထောက် (၁၀) ဦးအတွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း စုစုပေါင်း (၁၀) မျိုးကို ယနေ့နံနက်ပိုင်းက ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သတင်းထောက်တစ်ဦးလျှင် ကျပ် (၂၄၀၀၀) တန်ဘိုးရှိ ဆန် (၈ပြီ)၊ ကြက်ဥ(၁၀)လုံး၊ ဆီ၊ ငါးခြောက်၊ ကြက်သွန်၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ အချိုရည်ဘူး၊ ငါးပိ၊ Hand Gel စသည့် ပစ္စည်းအမယ် (၁၀) မျိုး ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။

 

“ကိုဗစ်ကြောင့် အားလုံးအခက်အခဲ ဖြစ်နေကြရတဲ့အချိန်မှာ နိုင်ငံတော်က ထောက်ပံ့တဲ့ အစီအစဉ်တွေထဲ ကျနော်တို့မကွေးမြို့အခြေစိုက် သတင်းထောက်တွေ မပါသေးဘူးလို့ သိရတာကြောင့် သီးခြား ထောက်ပံ့ဖို့ စီစဉ်ဖြစ်တာပါ” ဟု မကွေးပရဟိတအဖွဲ့မှ ကိုမျိုးကြီးက ပြောသည်။

 

မကွေးပရဟိတ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုမိုးက မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မကွေးတိုင်း ဥက္ကဋ္ဌထံ ဆက်သွယ်၍ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး သတင်းထောက်များထဲမှ လှူဒါန်းမှုကို လက်ခံမည့်သူ စာရင်းကောက်ခံခဲ့ရာ ၁၀ ဦးသာ ရရှိခဲ့ကြောင်း မကွေးတိုင်းဥက္ကဋ္ဌ ဆရာနေခြည် (မကွေး) ထံမှ သိရသည်။

 

“သတင်းထောက်တွေဆိုတာက သတင်းအတတ်ပညာနဲ့ အကူအညီပေးနေကြသူတွေဖြစ်လို့ အများစုက ကူညီနေကြသူများအဖြစ်ပဲ မြင်ကြပါတယ်။ ဒါ့ကြောင့် သတင်းထောက်တွေအတွက် လိုအပ်တဲ့အကူအညီ ပေးဖို့ကျတော့ များသောအားဖြင့် မေ့လျော့နေတတ်ကြပါတယ်။ အဲလို အမေ့လျော့ခံ သတင်းထောက်တွေရဲ့ လိုအပ်ချက်ကိုမြင်ပြီး အခုလို ကူညီထောက်ပံ့မှုပေးတဲ့ မကွေး ပရဟိတအဖွဲ့ကို ကျေးဇူးတင်ပါတယ်” ဟု မကွေးအခြေစိုက် သတင်းထောက်များကိုယ်စား ဆရာနေခြည်က ဆိုသည်။

 

မကွေးပရဟိတအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလတစ်လျှောက် Facality Quarantine စင်တာများတွင် လိုအပ်သည့် အစားအသောက်နှင့် အခြားလိုအပ်မှုများကို ထောက်ပံ့ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်ထောက်ပံ့မှု မရရှိလိုက်ကြဘဲ အခက်အခဲဖြစ်နေကြသည့် ရပ်ကွက်နေပြည်သူများကို လိုက်လံထောက်ပံ့ပေးလျက်ရှိရာ အိမ်ခြေပေါင်း (၃၀၀) ကျော်အား စုစုပေါင်းတန်ဘိုး ကျပ်သိန်း (၄၀) ဝန်းကျင် ထောက်ပံ့မှုပြုပြီးဖြစ်ကြောင်း သိရှိရသည်။

 

ဇေယျတု(မကွေး)