နေပြည်တော် ၂၇ အောက်တိုဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြန်မာ့အသံချစ်သူများအဖွဲ့ (Radio Fan Club) အဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  မကွေးတိုင်း​ဒေသကြီး ပခုက္ကူမြို့ ပြည်သာယာခန်းမ၌ ကျင်းပသည်။

 

တွေ့ဆုံပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ္တဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ)ဦးဇေယျာနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်တို့က အမှာစကားပြောကြားကြ သည်။

 

ထို့နောက် ခေတ္တဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးဇေယျာက မြန်မာ့အသံသို့ ဒေသဆိုင်ရာ သတင်းများပေးပို့ရာ၌ ထူးချွန်သည့် မြန်မာ့အသံချစ်သူအဖွဲ့ဝင် သတင်း ထောက်များကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

 

ယင်းနောက် မြန်မာ့အသံ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကို ပြသခြင်း၊ မြန်မာ့အသံခေတ်ပေါ် တေးဂီတအဖွဲ့က တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ မြန်မာ့အသံ အစီအစဉ်များဖြစ်သည့် ပြည်သူကြားကစကားသံ၊  အချစ်စမ်းချင်စမ်း ၊ မစမ်းချင်နေ (ဇာတ်လမ်းသရုပ်ပြ) ၊ မြန်မာတိုက်ဂေါ ဟာသဇာတ်လမ်းနှင့် ပြည်သူ့အသံ  အစီအစဉ်တို့ကို ကောက်နုတ်မိတ်ဆက် သရုပ်ပြခြင်းနှင့် မြန်မာ့အသံချစ်သူအဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

           

မြန်မာ့အသံချစ်သူများအဖွဲ့ အဖွဲ့ဝင်များ တွေ့ဆုံပွဲ အခမ်းအနားများကို နိုဝင်ဘာလ တွင် မြောင်းမြမြို့နှင့် ဒီဇင်ဘာလတွင် ဗန်းမော်မြို့တို့၌ ကျင်းပသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)