မကွေး ၁၉ စက်တင်ဘာ
ဆေးရုံတက်လူနာများ ၊ တာဝန်ထမ်းဆောင်သူများ ၊ နေထိုင်သူများအား ကျန်းမာရေးအထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်၍ ရဲတပ်ဖွဲ့၊မိသားစုဝင် အင်အား ၉၀ ကျော်တို့က မကွေးတိုင်းပြည်သူ့ဆေးရုံကြီးဝန်းအတွင်းတွင် ယနေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့် ဦးဆောင်မှုဖြင့် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ကွပ်ကဲမှုအောက် လက်ရုံးတပ်ဖွဲ့များပါဝင်ကာ သန့်ရှင်းရေးလုပ်ငန်းများကို နံနက် ၇နာရီမှ ၁၀ နာရီထိ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
"ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး ဒီလိုသန့်ရှင်းရေးလာလုပ်တဲ့အပေါ်မှာ ကျေးဇူးတင် ဝမ်းမြောက် မိပါတယ် ''ဟု မကွေးတိုင်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းဌေးက မှတ်ချက်ပြုသည်။
ယနေ့သန့်ရှင်းရေး လုပ်ငန်းမတိုင်မီ စက်တင်ဘာ ၁၅ ရက်တွင် မကွေးတိုင်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင် ၆၀ က စုပေါင်း သွေးလှူဒါန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ၊ မင်ဘူး(စကု) မြို့နယ်ရှိ ရှေးဟောင်းဘုရားစေတီ ၁၆၈ ဆူ၌လည်း အပတ်စဉ် စနေနေ့တိုင်း ရဲတပ်ဖွဲ့ဝင်မိသားစုများဖြင့် စုပေါင်းသန့်ရှင်းရေးများ လုပ်ဆောင်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က သိရသည်။
ဇေယျတု ( မကွေး)


