မကွေး ၁၄ စက်တင်ဘာ
ယခုနှစ်ပိုင်းမှစတင်ကာ မြန်မာနိုင်ငံ၏ ဒေသအချို့၌ အာဖရိကဝက်အပြင်းဖျားရောဂါများ ကူးစက်မှုဖြစ်ပေါ်နေသည့်အတွက် ဝက်ကောင်ရေသုံးသိန်းခွဲကျော်ရှိနေသည့် မကွေးတိုင်းဒေသကြီးအတွင်း၌ ဆုံးရှုံးမှုများမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေရကြောင်း တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
လူနှင့် အခြားတိရိစ္ဆာန်များကို ကူးစက်တတ်ခြင်းမရှိသော်လည်း ဝက်အချင်းချင်းကူးစက်ပြီး ကာကွယ်ဆေးမရှိသေးခြင်း၊ ဖြစ်ပွားလာလျှင် ပျက်ဆီးဆုံးရှုံးမှုများနိုင်ခြင်းတို့ကြောင့် ဈေးများ၌ ဝက်သားစစ်ဆေးခြင်းများ လုပ်ဆောင်လျက်ရှိကာ ရောဂါမဖြစ်ပွားစေရေးအတွက် မွေးမြူသူများအား ဆောင်ရန်၊ ရှောင်ရန်များကို တိမွေးကုဌာနမှ လိုက်လံပညာပေးလျက်ရှိသည်။
“ ဒီရောဂါက ကမ္ဘာပေါ်မှာဖြစ်ပွားနေတာကြာပြီဖြစ်ပေမယ့် မြန်မာနိုင်ငံကိုတော့ ဒီနှစ်ပိုင်းမှ ကူးစက်ပြန့်နှံ့လာတာပါ။ ရှမ်းပြည်မြောက်ပိုင်းအထူးဒေသ(၁)မှာ အစုလိုက်အပြုံလိုက် သေဆုံးတာတွေထိဖြစ်ပေါ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မကွေးတိုင်းအတွင်းမှာ ဒီရောဂါမျိုး ဖြစ်ပွားတာမရှိသေးပါဘူး။ ဒီရောဂါဟာ အိမ်မွေးဝက်တွေတင်မဟုတ်ဘဲ တောဝက်တွေကနေတစ်ဆင့်လည်း ကူးစက်နိုင်တာကြောင့် ဂရုစိုက်ဖိုတော့လိုပါတယ် ” ဟု မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာမောင်မောင်စိုးဦး က ရှင်းပြသည်။
တစ်ပိုင်တစ်နိုင်ဝက်မွေးမြူရေးမှ တစ်နှစ်လျှင် ငွေကျပ်(၁၅)သိန်း မှ ကျပ်သိန်း(၂၀)အထိရရှိနိုင်ပြီး အရင်းအနှီးနည်းနည်းဖြင့် မိသားစုအတွက် အထောက်အကူပြု ဝင်ငွေတစ်ခုရရှိနိုင်သည့်အတွက် မွေးမြူဖြစ်ခဲ့ကြောင်း မကွေးဒေသခံ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူသူတစ်ဦးထံမှ သိရသည်။
အာဖရိကဝက်အပြင်းဖျားရောဂါအပြင် ဝက်နားရွက်ပြာရောဂါ၊ သွေးဝမ်းကျရောဂါ၊ ဝက်ပလိပ်ရောဂါများ ဖြစ်ပွားတတ်သည့်အတွက် အစာကို စနစ်တကျကျွေးမွေးရန်နှင့် သန့်သန့်ရှင်းရှင်းမွေးမြူကြခြင်းဖြင့် ကြိုတင်ကာကွယ်ကြရန် လိုအပ် ကြောင်း၊ မကွေးတိုင်း၌ တစ်နိုင်တစ်ပိုင်မွေးမြူသူများပြားပြီး စီးပွားဖြစ်မွေးမြူရေးခြံ(၄၁)ခြံရှိကြောင်း ဒေါက်တာမောင်မောင်စိုးဦး ထံမှ သိရှိရသည်။
ဇေယျတု(မကွေး)


