မကွေး ၅ မေ
တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် တိုင်းစိုက်ပျိုးရေးဦးစီးဌာန နှင့် e-Government အကြံပေးပညာရှင်တို့၏ အဆိုပြုချက်အရ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ရန်လိုအပ်သည့် စီမံကိန်းများအား ကမ္ဘာ့ဘဏ် ထောက်ပံ့ငွေ ၂၄၁၃၀.၆၂၅ သန်း( ၂၄ ဒသမ ၁၃၀ ဘီလီယံ) ဖြင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံမှ သိရသည်။
အုပ်ချုပ်ရေး အခြေခံအဆောက်အဦ ဆောက်လုပ်ခြင်း ၊ အုပ်ချုပ်ရေးတွင် ခေတ်မီနည်းပညာနှင့် ပစ္စည်းများသုံးစွဲခြင်း လုပ်ငန်းအတွက် ငွေကျပ် ၅၃၂၆ သန်း ၊ ရေပေးမြောင်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်း (တူးမြောင်း မြေကြီးလုပ်ငန်း ၊ ကွန်ကရစ် လိုင်နင်စီခြင်း၊ ရေပေးအဆောက်အဦများ ပြုပြင် တည်ဆောက်ခြင်း )အတွက် ကျပ် ၁၃၅၅၈ သန်း သုံးစွဲမည်ဖြစ်သည်။
ထို့အပြင် စိုက်ပျိုးရေး မျိုးသန့်ခြံ တည်ဆောက်ခြင်း ၊ နှမ်းဧက(၅၀ဝ၀)ကို GAP စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်ခြင်းတို့အတွက် ငွေကျပ် ၄၂၄၆ ဒသမ ၆၂၅ သန်း ၊ စီမံ အုပ်ချုပ်ရေး ၊ သတင်းအချက်အလက် ဖွံ့ဖြိုးရေး ၊ ကျန်းမာရေး ၊ စီးပွားရေး လုပ်ငန်းများကို( ICT ဖြင့် ပံ့ပိုးရန်)အတွက် ကျပ်သန်း ၁၀ဝ၀ သုံးစွဲသွားမည်ဖြစ်သည်။
မကွေးတိုင်း ဒေသကြီးအစိုးရက အတည်ပြုထားသော ကမ္ဘာ့ဘဏ် ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား မေလ(၄)ရက်နေ့တွင် ကျင်းပသည့် မကွေးတိုင်းလွှတ်တော် အထူးအစည်းအဝေး၌ တင်ပြခဲ့ကာ အတည်ပြုချက်ရရှိပါက စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီးရုံးသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံမှ သိရသည်။
ဇေယျတု(မကွေး)


