မကွေး ဇူလိုင် ၃၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက တိုင်းဒေသကြီးအတွင်းရှိ ဒေသခံတောင်သူများ၏ ဒေသထွက်ကုန်ပစ္စည်းများ ဈေးကွက်သို့ အလွယ်တကူတင်ပို့နိုင်ရေး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်း ၆၃ လမ်းနှင့် တံတား ၆၄ စင်းကို ငွေကျပ် ၂၀၅၃ ဒသမ ၄၈၄ သန်း အသုံးပြုကာ ဖောက်လုပ် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန တာဝန်ရှိသူက ပြောကြားသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် ကျေးလက်နေတောင်သူများ၏ ဒေသထွက်ကုန်ပစ္စည်းများကို စျေးကွက်သို့ လွယ်ကူစွာ တင်ပို့နိုင်ရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းများကို ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ယခုဘဏ္ဍာနှစ် တွင် တိုင်းဒေသကြီးအတွင်း ကျေးရွာများ၌ အရှည် ၆၉ မိုင် ၂ ဒသမ ၅၄ ဖာလုံရှိ ကျေးလက်ကုန်ထုတ် လမ်း ၆၃ လမ်းနှင့် အရှည် ၁၃၆၇ ပေရှိ ကုန်ထုတ်တံတား ၆၄ စင်းကို ပြည်ထောင်စုရန်ပုံငွေ ၁၇၁၂ ဒသမ ၆၅ သန်း၊ တိုင်းဒေသကြီးရန်ပုံငွေ ၃၄၀ ဒသမ ၈၃၄ သန်းနှင့် ခွင့်ပြုရန်ပုံငွေကျပ် ၂၀၅၃ ဒသမ ၄၈၄ သန်းအသုံးပြုကာ တင်ဒါအောင်မြင်သည့်ကုမ္ပဏီများအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ဒုတိယ ပတ်မှ စ၍ လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံး၏ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဦးမျိုးအောင်က ပြောကြားသည်။
အဆိုပါ ကုန်ထုတ်လမ်းတံတားများ ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာ ၉၃ ရွာမှ လူဦးရေ ၁၀၂၃၈၅ တို့၏ စိုက်ပျိုးမြေဧက ၇၇၆၇၅ ကို အကျိုးပြုနိုင်မည်ဖြစ်ပြီး ၎င်းစိုက်ပျိုးမြေများမှ လယ်ယာထုတ်ကုန်/ ထွက် ကုန်များနှင့် လယ်ယာသုံးစက်ကိရိယာများ အလွယ်တကူ သယ်ပို့သွားလာနိုင်မည်ဖြစ်ကြောင်းသိရ သည်။
သန်းလွင်(မကွေး)


