မကွေး၊ ၇ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီးအတွင်း၌ တစ်နှစ်အတွင်း မီးလောင်မှုအကြိမ်ရေ ၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး မီးလောင်မှုများတွင် ပေါ့ဆမှုကြောင့် လောင်ကျွမ်းရသည့်ဖြစ်စဉ် အများဆုံးဖြစ်ကြောင်း မကွေးတိုင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
"မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ပေါ့ဆမှုကြောင့် လောင်ရတဲ့ အကြိမ်ရေက အများဆုံး ပါဝင်နေ ပါတယ်။ မီးလောင်မှု အကြိမ်တွေ၊ ဆုံးရှုံးမှုတန်ဖိုးတွေ လျော့ကျဖို့က ဌာနရဲ့ဖြစ်စေချင်တဲ့ဆန္ဒပါ'' ဟု မကွေးတိုင်း မီးသတ်ဦးစီးဌာနမှူး ဦးမျိုးလှိုင်က ပြောပြသည်။
၂၀၂၀ ပြည့်နှစ်တွင် မီးလောင်မှုဖြစ်စဉ် ၂၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ပေါ့ဆမီး ၈၄ ကြိမ်၊ မီးဖိုမီး ၃၃ ကြိမ်၊ လျှပ်စစ်မီး အကြိမ် ၃၀၊ မသမာသူရှို့မီး ၃၄ ကြိမ်၊ တောမီး ၂၉ ကြိမ်၊ အလိုအလျောက်မီး တစ်ကြိမ်၊ မိုးကြိုးမီး နှစ်ကြိမ်တို့ ပါဝင်သည်။
၂၀၁၉ ခုနှစ်တွင် မီးလောင်မှု ၂၄၄ ကြိမ်ဖြစ်ခဲ့သည့်အတွက် ၂၀၂၀ နှစ်စာရင်းများနှင့် နှိုင်းယှဉ်လျှင် ၃၁ ကြိမ် လျော့ကျခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးလည်း ၇၂ ဒသမ ၃၄ သန်း လျော့ကျခဲ့ကြောင်း မီးသတ်ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
မကွေးတိုင်းဒေသကြီးတွင် မီးသတ်တပ်ဖွဲ့ဝင် ၁၈၇၆ ဦး၊ မီးသတ်ယာဉ် စုစုပေါင်း အစီး ၂၉၀ ရှိပြီး တိုင်းဒေသကြီး တစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် အနေအထားရှိကြောင်း၊ နိုင်ငံတကာအဆင့်နှင့်ညီအောင် ခေတ်မီ မီးသတ်ယာဉ်များလည်း နှစ်စဉ်ဖြည့်တင်းနေကြောင်း တိုင်းမီးသတ်ဦးစီးဌာနမှူးက ပြောပြသည်။
မီးဘေးအန္တရာယ် ကြုံတွေ့နေသောနေရာသို့ အမြန်သိ၊ အမြန်သွား၊ အမြန်ငြှိမ်းသတ်နိုင်ရေးအတွက် မီးလောင်မှု ဆိုင်ရာ အခြေအနေများကို ၂၄ နာရီ စောင့်ကြည့်မည့် Command and Control center တစ်ခုကို မကွေးမြို့၌ လုပ်ဆောင်နိုင်ရန် စီစဉ်နေကြောင်း မကွေးတိုင်းမီးသတ်ဦးစီးဌာနမှ သိရသည်။
ဇေယျတု(မကွေး)


