မကွေး၊ ၂၃ ဒီဇင်ဘာ
လာမည့်နှစ်နွေရာသီတွင် မကွေးတိုင်းအတွင်း ရေရှားပါးနိုင်သည့် နေရာပေါင်း (၃၀)ခန့်ရှိနေပြီး စက်ရေတွင်းနက် ၊ တွင်းပေါင်း ၆၇ တွင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ ငွေကျပ်သန်း ၂၇၀ဝ ကျော် အသုံးပြု တူးဖော်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သိရသည်။
" အဲဒီနေရာတွေကို ပထမအဆင့်အနေနဲ့ ဌာနက ကွင်းဆင်းကြည့်ပြီး ရေတွင်းတူးဖော်ပေးသင့်လား၊ ရေကန် တူးဖော်ပေး သင့်လားဆိုတာစိစစ်ပြီး ဘတ်ဂျက်တင်ပြရမှာပါ။ အဲဒီလိုတင်ပြတဲ့အခါမှာ ပြည် ထောင်စုကို တင်ပြတာရှိသလို တိုင်းဒေသကြီးကို တင်ပြရတာလည်းရှိပါတယ်'' ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးအောင်က ပြောသည်။
စက်ရေတွင်း တူးဖော်မှုများကို ကျေးလက်ဦးစီးဌာနပိုင် တွင်းတူးစက်ကြီး (၈) လုံးဖြင့် တွင်းနက် (၁၂)တွင်းကို ယခုဘဏ္ဍာနှစ်အစပိုင်းမှ စတင်တူးဖော်ခဲ့ရာ (၇)တွင်း အောင်မြင်သွားပြီဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းအတွင်း ရေရှားနိုင်ချေများသည့် ကျေးရွာများကို ဒေသခံများ၏ ဆန္ဒနှင့်အညီ ရေတွင်းရေကန် တူးဖော်မှုများ အားဖြည့်လုပ်ဆောင်သွားမည်ဖြစ်ပြီး အရေးပေါ် သောက်သုံးရေ ထောက်ပံနိုင်ရေး အစီအစဉ်များလည်း လုပ်ဆောင်ထားကြောင်း မကွေးတိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနက သိရသည်။
ဇေယျတု( မကွေး)


