မကွေး ၆ သြဂုတ်
မန္တလေးတိုင်းမှ မကွေးတိုင်းအတွင်းသို့ ပြောင်းရွှေ့မွေးမြူလာသော ပျားစခန်းတစ်ချို့တွင် Varroa Jacobsoni ကပ်ပါးမွှားကို သြဂုတ် ၁ ရက်က တွေ့ရှိခဲ့၍ အခြားပျားစခန်းများနှင့် ၆ မိုင်အကွာသို့ ရွှေ့ပြောင်းစေခဲ့ပြီးနောက် ရောဂါပိုးကျမည်ကို ပျားမွေးမြူသူများက စိုးရိမ်နေကြောင်း မကွေးတိုင်းဒေသကြီး ပျားလုပ်ငန်းဦးစီးဌာနက သိရသည်။
“၂၀၀၀ ခုနှစ်ဝန်းကျင်တုန်းက မကွေးတိုင်းမှာ Varroa ကပ်ပါးပိုး ကျခဲ့ဖူးတယ်။ ဒီ့နောက်ပိုင်း မကျတာကြာပါပြီ။ စိုးရိမ်စရာကောင်းတယ်။ ဒီပိုးက ထုတ်လုပ်မှုကိုလည်း လျော့ကျစေတယ်။ ပျားရဲ့အင်အားလည်း ပျက်စီးလောက်တဲ့ အဆင့်ထိ ကျသွားတယ်။ ဒီပိုးဝင်လာရင် ပျားသားလောင်းပုပ်တဲ့ ရောဂါတွေလည်း ဝင်လာနိုင်တယ်။ ဒီရောဂါကျလာရင် ဆိုးကျိုးတွေက အများကြီးရှိပါတယ်” ဟု ပျားမွေးမြူရေးလုပ်ကိုင်သူ ဦးကျော်တင်မြင့်က ပြောသည်။
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် မွေးမြူသည့် ပျားလုပ်ငန်းများ၌ Varroa Jacobsoni ကပ်ပါးမွှား အကျများနေပြီး ပျားမွေးမြူရေးလုပ်ကိုင်သူများမှာ ရာသီအလိုက်စိုက်ပျိုးသည့် နှမ်း၊ နေကြာ၊ ဇီး စသည့် သီးနှံခင်းများသို့ ရွှေ့ပြောင်းမွေးမြူကြလေ့ရှိသဖြင့် ရောဂါပိုးကူးစက်မှုရှိလာနိုင်ကြောင်း ပျားလုပ်ငန်းရှင်များထံမှ သိရသည်။
“ဒီပိုးက အကောင်ကြီးပြီး အသက်ပြင်းတယ်။ ခုန်နိုင်တယ်။ ဝတ်မှုန်ကူး၊ ဝတ်ရည်စုပ်တဲ့အချိန်မှာ ရောဂါရှိတဲ့ ပျားနဲ့ မရှိတဲ့ပျားတွေ့ပြီး ကူးစက်မှုနှုန်းက မြန်နိုင်တာပေါ့။ ၆၅ ရာခိုင်နှုန်းပြင်းအားရှိတဲ့ ဖောမစ်အက်ဆစ်ကို ဖော့တုံးနဲ့ စွတ်၊ ပျားအုံထဲထည့်ပြီး အငွေ့ပျံစေပါတယ်။ ကပ်ပါးမွှားတွေ ပြုတ်ကျပြီး ဆက်မသွားနိုင်အောင် ပျားပုံးအောက်မှာ စားအုန်းဆီသုတ်ထားတဲ့ ဖလင်ပြားခံရပါတယ်။ ဌာနအနေနဲ့ ကြိုတင်ကာကွယ်တာ၊ စစ်ဆေးတာတွေကို ဆက်တိုက်လုပ်နေရပါတယ်” ဟု ပျားလုပ်ငန်းဦးစီးဌာန၊ မကွေးတိုင်းဦးစီးမှူး ဦးစိုးနိုင်က ပြောသည်။
တစ်နိုင်ငံလုံး၏ ပျားရည်ထွက်မှု ၆၀ ရာခိုင်နှုန်းရှိသည့် ဇီးစိုက်ခင်းများရှိရာ မုံရွာခရိုင်၊ ကနီမြို့သို့ ပျားမွေးမြူသူများ ပြောင်းရွှေ့ကြသည့်အခါ မိမိတို့ဒေသမှ ရောဂါပိုးပါမသွားအောင် စစ်ဆေးပြီး ထောက်ခံပေးရမည်ဖြစ်ကြောင်း၊ ပျားမွေးသူများကိုလည်း ရောဂါကာကွယ်ရေး သင်တန်းပေးထားကြောင်း တိုင်းဦးစီးမှူး ဦးစိုးနိုင်ထံမှ သိရသည်။
ဇေယျတု(မကွေး)